မြို့နယ်အလိုက် ဘတ်ဂျက်ကွာဟမှုမရှိအောင် မူဝါဒချပြီးလုပ်ဆောင်သင့်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးရာလ်နှင်ပြော

မြို့နယ်အလိုက် ဘတ်ဂျက်ကွာဟမှုမရှိအောင် မူဝါဒချပြီးလုပ်ဆောင်သင့်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးရာလ်နှင်ပြော

ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့နယ်အလိုက်အသုံးပြုမည့် ဘတ်ဂျက်များခွဲဝေရာတွင် ကွာဟမှုနည်းပြီး အချိူးညီညီ ခွဲဝေနိုင်ရန်အတွက် မူဝါဒများချမှတ်၍ ဆောင်ရွက်သင့်သည်ဟု ဖလမ်းမြို့နယ်အမှတ်(၁) မဲဆန္ဒနယ်မြေလွှတ်တော်ကိုယ် စားလှယ် ဦးရာလ်နှင်ကပြောသည်။

“ ၀န်ကြီးချူပ်တွေ၊ ၀န်ကြီးတွေရှိတဲ့နေရာမှာ ဘတ်ဂျက်က များပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မဲဆန္ဒနယ်မြေမှာ တော့ ဘတ်ဂျက်ကနည်းနေတယ်ဆိုပြီး ကျနော်တို့လည်း အမြဲတမ်းတင်ပြတဲ့အခါကျတော့ တဖြည်းဖြည်းတော့ကောင်းလာပါပြီ နောက်တက်လာမယ့်အစိုးရကလည်း သတိထားရမယ် မူပေါ်လစီနဲ့အမှန်ဆုံးအချိူးချပြီးတော့ စီမံကိန်းလည်းအချိူးချမယ် လူဦးရေလည်းအချိူးချမယ် အညီမျှဆုံးဖြစ်နိုင်အောင် ဥပမာ မတိုးတက်သေးတဲ့နေရာမှာဆိုရင် များများသုံးရမယ် အဲလိုမျိူးချမှတ်ရင်ကောင်းမယ်’’ ဟု လွှတ်တော်ကိုယ်စားလှယ် ဦးရာလ်နှင်ကပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့က ကျင်းပသော ချင်းပြည်နယ်လွှတ်တော် (၈) ကြိမ်မြောက်အစည်းအဝေးတွင် ပြည်ထောင်စုအစိုးရမှ ထပ်မံချပေးသော ဖြည့်စွက်ဘတ်ဂျက် ကျပ် ၁၇.၂၈ ဘီလျံကိစ္စကို ဆွေးနွေးရာတွင် လည်း မြို့နယ်အလိုက်ကွာဟမှုအလွန်ရှိခဲ့သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ခဲ့ကြသည်။

မတူပီမြို့နယ် ပြည်နယ်လွှတ်တော်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်က “ အဲဒီဖြည့်စွက်ဘတ်ဂျက်မှာ အနည်းဆုံးက မတူပီရယ် ကန်ပက်လက်ရယ် တီးတိန်ရယ် အစမကျနော်ပြောတယ် မျှမျှတတခွဲဝေကျအောင်ဆိုပြီး နောက်ဆုံးမှာ ဒုသမ္မတရဲ့လမ်းညွန်ချက်နဲ့ဆိုပြီး ဟားခါးနဲ့ထန်တလန်က အများဆုံးလုပ်တယ် ပြီးတော့ နောက်တစ်ခုက ဖလမ်းမဲဆန္ဒမှာဆိုလည်း ၀န်ကြီးချူပ်မဲဆန္ဒနယ် နဲ့ ဦးရာလ်နှင်ရဲ့မဲဆန္ဒနယ်က ဘတ်ဂျက်ကအရမ်းကွာဟနေတယ် ၀န်ကြီးချူပ်ကတော့ ၀န်ကြီးချူပ်ရဲ့လမ်းညွန်ချက်ဆိုပြီး သူ့မဲဆန္ဒနယ်မှာဘတ်ဂျက်ပိုသုံးတယ် မတူပီလည်းအဲဒီတိုင်းဘဲ ကျန်တဲ့မြို့နယ်တွေလည်းအဲဒီတိုင်းပဲ ဒီဘတ်ဂျက်က ၂၀၂၀ စက်တင်ဘာလမှာကုန်မှာဆိုတော့ ဒါဟာ လာမယ့်ရွေး ကောက်ပွဲအတွက် မဲဆွယ်သလိုဖြစ်နေတယ်’’ ဟု ပြောသည်။

အဆိုပါ ပြည်ထောင်စုမှလာသည့် ဖြည့်စွက်ဘတ်ဂျက်ကို ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဇွန်လ ၂၈ ရက်နေ့ ချင်းပြည်နယ်လွှတ်တော်တွင် တင်ပြဆွေးနွေးချိန်တွင် ဘတ်ဂျက်ကွာဟမှုရှိသည်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်များကန့်ကွက်ခဲ့ကြသော်လည်း လွှတ်တော်ဥက္ကဌမှ မတ်တပ်ရပ်မဲခွဲစေ၍ ကန့်ကွက်သည့်ဘက်က ရှုံးနိမ့်သွားခဲ့သည်။

ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကလည်း ချင်းပြည်နယ် မင်းတပ်မြို့ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ချင်းပြည်နယ်ဘတ်ဂျက်မှ မြို့နယ်အလိုက်ချပေးသော ငွေလုံးငွေရင်းအသုံး စရိတ်များသည် မြို့နယ်တစ်ခုနှင့်တစ်ခုအလွန်ကွာဟမှုများရှိနေသည်ဟုဆိုပြီး မေးခွန်းထုတ်ခဲ့ပြီးဖြစ်သည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...