စစ်တွေ - မင်းဘူး ရထားလမ်းဖောက်လုပ်ရာတွင် ကျောက်တော်မြို့နယ်မှ လယ်ယာမြေသိမ်းဆည်းခံရသူများကို လျှော်ကြေးငွေပေးရန်အတွက် ငွေကျပ် (၆၀၂) သန်းကျော် ရရှိထားသည်ဟု ရခိုင်ပြည်နယ် ရထားလမ်းစီမံကိန်းမန်နေဂျာ ဦးဝင်းထွဋ်က DMG ကိုပြောသည်။
လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်က စတင်ခဲ့သည့် အဆိုပါ ရထားလမ်းစီမံကိန်းကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်တို့မှ လယ်ယာမြေများ သိမ်းဆည်းခံရသောကြောင့် လျှော်ကြေးများရရှိရန် တောင်းဆိုခဲ့သည်။
ထို့ကြောင့် ၂၀၁၈ -၂၀၁၉ ခု ဘဏ္ဍာနှစ်တွင် ကျောက်တော်မြို့နယ်က ကျေးရွာ (၁၁) အုပ်စုအတွက် လျှော်ကြေးပေးလျှော်ရန် ဘက်ဂျက်ကျလာခြင်းဖြစ်သည်။ ၎င်းလျှော်ကြေးငွေများကို စက်တင်ဘာလမတိုင်မီတွင် ပေးသွားမည်ဟု ရထားလမ်းစီမံကိန်းမန်နေဂျာ ဦးဝင်းထွဋ်က ပြောသည်။
“အဲဒါကို ကျွန်တော်တို့က ဘက်ဂျက်ကာလအတွင်း ပေးချေနိုင်ဖို့ ရုံးလုပ်ငန်းပိုင်းဆိုင်ရာလေးတွေကို လုပ်ဆောင်နေတုန်းပါ” ဟု ၎င်းက ဆိုသည်။
လယ်တစ်ဧကလျှင် လျှော်ကြေးငွေမည်မျှပေးမည်ကို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ဆောင်ရွက်မည်ဟုလည်း ၎င်းက ဆက်လက်ပြောသည်။
ရထားလမ်းဖောက်လုပ်ရာတွင် တခြားမြို့နယ်များအတွင်းက သိမ်းဆည်းခဲ့သည့် လယ်ယာမြေများအတွက်လည်း ဆက်လက် လျှော်ကြေးငွေများပေးရန် လိုအပ်သည်ဟု တောင်သူလယ်သမားများ ဥပဒေအထောက်အကူပြုကွန်ရက် (ရခိုင်ပြည်နယ်) တာဝန်ခံ ကိုကျော်ထွီးက ပြောသည်။
“ခုလို အစိုးရက တောင်သူတွေရဲ့ နစ်နာမှုတွေကို ပြန်လည်ကုစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တခြားကျန်နေသေးတဲ့ သိမ်းဆည်းခံ လယ်ယာမြေတွေအတွက်လည်း ဆက်လက် လျှော်ကြေးပေးဖို့လိုတယ်” ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် မြောက်ဦးမြို့နယ်နှင့် ကျောက်တော်မြို့နယ်က ကျေးရွာတစ်ချို့ရှိ သိမ်းဆည်းခံလယ်ယာမြေများကို မြန်မာ့မီးရထားဌာနက ပြန်လည်စွန့်လွှတ်ပေးအပ်ခဲ့သည်။







