ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန် အနောက်ပိုင်းတိုင်းနှင့် အနောက်တောင်တိုင်း စစ်ဌာနချုပ်များကို ကွပ်ကဲရသည့် အမှတ် (၃) စစ်ဆင်ရေး အထူးတပ်အဖွဲ့မှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးကို တာဝန်ပေးလိုက်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
ကစထမှူး (၃) အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည့် ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးမှာ ယခင် ကစထမှူး (၂) အဖြစ် ရှမ်းမြောက်ဒေသ စစ်ဆင်ရေးများကို ကိုယ်တိုင်ကွပ်ကဲခဲ့သူဖြစ်ပြီး၊ စစ်ရေးအောင်မြင်မှုအချို့ ရရှိခဲ့သည့်အတွက် လက်ရှိ ရခိုင်တိုက်ပွဲများကို ကွပ်ကွဲနိုင်မည်ဟု ယုံကြည်မှုကို ရရှိထားသူဖြစ်ကြောင်း သုံးသပ်နေကြသည်။
ကစထမှူး (၃) ဖြစ်လာသူ ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးမှာ စစ်ရေးကျွမ်းကျင်မှုအပိုင်းတွင် အားနည်းသော်လည်း စစ်ခေါင်းဆောင်၏ ယုံကြည်မှုကို ရရှိထားသူဖြစ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
“ သူက နောင်ချို၊ တောင်ခမ်းမှာတုန်းက မြေပြင်အထိ ဆင်းပြီး ရဲဘော်တွေကို သွားပြီး စိတ်ဓာတ်စစ်ဆင်ရေး လုပ်ခဲ့ဖူးတယ်။ ဒါကြောင့် သူ့ကို အောင်မြင်မှုနဲ့ ပြန်ရောက်လာတာဆိုပြီး ချီးမြှင့်ထားတာပေါ့။ ပထမ ရှမ်းမြောက်တိုက်ပွဲဖြစ်လို့ သူက ပြုတ်သွားတာကနေ ရာထူးတွေ တိုးပေးထားတာဖြစ်တယ်။ သူက စစ်ရေးစစ်ရာ အစွမ်းသတ္တိတော့ မရှိဘူး။ ဒါပေမဲ့ မင်းအောင်လှိုင်အတွက်တော့ သူက လာဘ်ကောင်လို့ ပြောရမှာပေါ့။ စစ်တွေအထိ ဆင်းပြီးတော့ ကစထမှူးက ကွပ်ကဲတာမျိုးတွေ လုပ်လာနိုင်ခြေ ရှိတယ်” ဟု ပြောသည်။
ကစထမှူး (၃) ဖြစ်လာသည့် ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးမှာ ယခင်က လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ်မှာ ၁၀၂၇ စစ်ဆင်ရေး ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး၊ မြို့နှင့် တပ်ရင်းဌာနချုပ်များ သိမ်းပိုက်ခံခဲ့ရသည့်အတွက် တိုင်းမှူးရာထူးမှ ဖယ်ရှားခံခဲ့ရသူလည်း ဖြစ်သည်။
ယင်းနောက် လိုအပ်ချက်အရ ၎င်းအား ရှမ်းမြောက်ဒေသကို ကွပ်ကဲရသည့် ကစထမှူး (၂) အဖြစ် ပြန်လည်တာဝန်ပေးအပ်ခဲ့ပြီး၊ ရှမ်းမြောက်ရှိ တအာင်းတပ်မတော် (TNLA) နှင့် တိုက်ပွဲများတွင် ပြန်လည်ဦးဆောင်စေခဲ့ခြင်း ဖြစ်သည်။
ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးအား အာရက္ခတပ်တော်နှင့် ရင်ဆိုင်မည့် စစ်မျက်နှာများကို ကွပ်ကဲရန် တာဝန်ပေးလိုက်သော်လည်း ထူးခြားသည့် စစ်ရေးဖော်ဆောင်နိုင်မှုများ လုပ်နိုင်လိမ့်မည်မဟုတ်ကြောင်း ရခိုင်စစ်ရေးအကဲခတ်တစ်ဦးက ပြောသည်။
“အာရက္ခတပ်တော်ရဲ့ စစ်မျက်နှာတွေကို ရင်ဆိုင်ဖို့ ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးကို ကစထမှူး (၃) အဖြစ် တာဝန်ပေးလိုက်တာ ကြားပါတယ်။ အဓိကတော့ ရှမ်းမြောက်မှာ မြို့အချို့ကို ပြန်လည်ရရှိခဲ့သလိုမျိုး ရခိုင်ဘက်မှာ ပြန်လည်ရနိုင်ဖို့ဆိုပြီး သူတို့ တာဝန်ပေးတာလို့ ယူဆရတယ်။ ဒါပေမဲ့ အာရက္ခတပ်တော်ဟာ သာမန်တပ်မျိုး မဟုတ်တာကြောင့် စစ်အုပ်စုအတွက် ဘာမှ ထူးခြားလာမှာ မရှိနိုင်ဘူး” ဟု ပြောသည်။
လက်ရှိတွင် အာဏာသိမ်းစစ်တပ်နှင့် အာရက္ခတပ်တော်တို့သည် စစ်တွေနှင့် ကျောက်ဖြူမြို့များတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
အမှတ် (၃) စစ်ဆင်ရေး အထူးအဖွဲ့ လက်အောက်ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်တွင် မြို့နယ် ၃ ခုသာ ကျန်ရှိတော့ပြီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တည်ရှိရာ ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် ၅ ခုတွင်လည်း အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်ကို ရင်ဆိုင်နေရခြင်းဖြစ်သည်။
အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များသည် ဧရာဝတီတိုင်းရှိ လေးမျက်နှာ၊ အင်္ဂပူ၊ ရေကြည်၊ သာပေါင်းနှင့် ပုသိမ်မြို့နယ်တို့တွင် စစ်ရေးဖော်ဆောင်နေပြီး လေးမျက်နှာ၊ အင်္ဂပူနှင့် ရေကြည်မြို့နယ်အတွင်းရှိ ပုသိမ်-မုံရွာ လမ်းပိုင်းကို ထိန်းချုပ်ထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း AA နှင့် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် လေးမျက်နှာမြို့နယ်ရှိ စက်စက်ယိုနှင့် ပန်းတောကြီးကျေးရွာ အနီးတွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စက်စက်ယိုကျေးရွာနှင့် ပန်းတောကြီးကျေးရွာမှ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။







