ရခိုင်ပြည်သူများကို ဗုံးကြဲနေသမျှ ဆွေးနွေးရန် မဖြစ်နိုင်ကြောင်း AA ပြော

ရခိုင်ပြည်သူများကို ဗုံးကြဲနေသမျှ ဆွေးနွေးရန် မဖြစ်နိုင်ကြောင်း AA ပြော
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat

ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့် အာရက္ခတပ်တော်(AA) တို့ကြား နိုင်ငံရေးဆွေးနွေးမှု ပြုလုပ်ရန် ခက်ခဲမည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က The Diplomat နှင့် သီးသန့်အင်တာဗျူးတစ်ခုတွင် ပြောကြားလိုက်သည်။

စစ်အုပ်စုသည် လက်ရှိတွင် အပစ်အခတ်ရပ်စဲရေး လက်မှတ် မထိုးထားသည့် အာရက္ခတပ်တော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ရက် ၁၀၀ အတွင်း နိုင်ငံရေးဆွေးနွေးရန် ဖိတ်ခေါ်ထားသည်။

တစ်ဖက်တွင်လည်း အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်က မြို့နယ်များကို နေ့စဉ်လေကြောင်းအုပ်စုလိုက် တိုက်ခိုက်နေသဖြင့် ရခိုင်ပြည်သူများ ထိခိုက်သေဆုံးမှု မြင့်တက်နေသည်။

“ စစ်တပ်က အရပ်သားတွေကို ဗုံးကြဲနေသမျှ ကာလပတ်လုံး ကျနော်တို့အတွက် နိုင်ငံရေးဖြစ်စဉ်တွေကို ဆွေးနွေးဖို့က အလွန်ခက်ခဲနေဦးမှာပါ။ စစ်ကောင်စီက အသာစီးရတဲ့ အနေအထားကနေ ဆွေးနွေးချင်နေတာ။ ဒါပေမဲ့ ကျနော်တို့ကတော့ ဒီလို ဖိအားမျိုးကို အလျှော့ပေးမှာ မဟုတ်ပါဘူး ” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

ယင်းကဲ့သို့ ဖိတ်ခေါ်ရာတွင်လည်း စစ်အုပ်စုအနေဖြင့် လက်ရှိ အခြေအနေကို အခြေခံပြီး စစ်မှန်သည့် ဆွေးနွေးမှုမျိုးကိုသာ အာရုံစိုက်သင့်ကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားသည်။

အာဏာသိမ်းစစ်တပ်‌နှင့် အာရက္ခတပ်တော်တို့သည် ပြီးခဲ့သည့်နှစ်များကလည်း တရုတ်ကြားဝင်မှုဖြင့် တရုတ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးမှုရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ် မတိုင်ခင်က ရခိုင်ပြည် အခြေအနေအတိုင်း စစ်အုပ်စုဘက်က တောင်းဆိုနေသဖြင့် သဘောတူညီမှု မရခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ လက်တွေ့မကျတဲ့ အရာတွေကို တောင်းဆိုနေမယ့်အစား စစ်အစိုးရအနေနဲ့ မြေပြင်က အရှိတရားကို အခြေခံပြီး အားလုံးပါဝင်တဲ့၊ စစ်မှန်တဲ့ ဆွေးနွေးမှုမျိုးကိုပဲ အာရုံစိုက်သင့်ပါတယ်။ ဆွေးနွေးပွဲတွေဟာ မြေပြင်အခြေအနေနဲ့ ကင်းကွာနေလို့ မရပါဘူး” ဟု ပြောသည်။

ယင်းကဲ့သို့ ဖိတ်ခေါ်ပြီး နောက်ပိုင်းတွင်လည်း အာဏာသိမ်းစစ်တပ်က အာရက္ခတပ်တော် ထိန်းချုပ်ဒေသများအပါအဝင် နိုင်ငံအနှံ့ရှိ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်နယ်မြေများရှိ အရပ်သားနေထိုင်ရာ နေရာများအား ဗုံးကြဲမှု ပြုလုပ်ကာ ဖိအားပေးလျက် ရှိနေသည်။

လက်ရှိတွင် ရခိုင်ဒေသအတွင်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာတွင်လည်း ယခင်ကဲ့သို့ လေယာဉ်တစ်စီးချင်း မဟုတ်ဘဲ လေယာဉ်အနည်းဆုံး ၄ စီးခန့်ဖြင့် အုပ်စုလိုက် လေကြောင်းတိုက်ခိုက်မှုအသွင်သို့ ပြောင်းကာ အရပ်သားနေထိုင်ရာ နေရာများအား ဗုံးကြဲမှုများ ရှိလာနေသည်။

ယင်းကဲ့သို့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် လုပ်လာခြင်းမှာ နိုင်ငံရေးအရ ဆွေးနွေးမှုပြုလုပ်ရာတွင် အသာစီးရသည့် အနေအထားဖြင့် ဆွေးနွေးလိုခြင်းကြောင့် ဖြစ်ပြီး အာရက္ခတပ်တော် ဘက်မှလည်း လေကြောင်း ဖိအားရှိသော်လည်း အလျှော့ပေးမည်မဟုတ်ကြောင်း ပြောဆိုနေခြင်းဖြစ်သည်။

ယင်းအပြင် လက်ရှိတွင် အရပ်သားများ၏ လုံခြုံရေးမှာ ဦးစားပေးဖြစ်ပြီး အာရက္ခတပ်တော်အနေဖြင့် အရပ်သားများအား ထိရောက်စွာ ကာကွယ်နိုင်မည့် နည်းလမ်းများကို ရှာဖွေနေကြောင်း ဆိုထားသည်။

လက်ရှိ စစ်အုပ်စု၏ ဗုံးကြဲတိုက်ခိုက်မှုများအား နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းပြီး မှတ်တမ်းတင်နိုင်ရန် လုပ်ဆောင်နေသော်လည်း ထိရောက်မရှိသေးကြောင်း AA စစ်ဦးစီးချုပ်က ပြောသည်။

မြို့နယ်ပေါင်း ၁၇ ခု ရှိသည့် ရခိုင်ပြည်တွင် ၁၄ မြို့နယ်ကို အာရက္ခတပ်တော်က ထိန်းချုပ်ထားပြီး ကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင် ၃ မြို့နယ်တို့ကိုသာ စစ်အုပ်စုက ထိန်းချုပ်ထားဆဲဖြစ်သည်။

လက်ရှိတွင် စစ်အုပ်စုထိန်းချုပ်ထားဆဲဖြစ်သည့် ကျောက်ဖြူနှင့် စစ်တွေတို့တွင် အာဏာသိမ်းစစ်တပ်နှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲများ ရှိနေသည်။

သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...