ဒေါက်တာအေးမောင်တို့ အမှုအယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပလပ်

ဒေါက်တာအေးမောင်တို့ အမှုအယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပလပ်

ထောင်ဒဏ် နှစ်(၂၀)ချမှတ်ခံထားရသည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အမှု အယူခံလျှောက်ထားချက်ကို ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့က  ပြည်ထောင်စု တရားလွှတ်တော်ချုပ်က လက်မခံဘဲ ပလပ်လိုက်သည်။

နှစ်ရှည်ထောင်ဒဏ်ချမှတ်မှုအပေါ် မကျေနပ်သောကြောင့် ပြည်နယ်တရားလွှတ်တော်တွင် အယူခံတက်ခဲ့ရာတွင် မေလ ၂၁ ရက်နေ့က ပယ်ချခံခဲ့ရသည်။ ထို့ကြောင့်  နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ဆက်လက် အယူခံတက်ရာတွင် ထပ်မံပယ်ချခံလိုက်ရခြင်းဖြစ်သည်။

 “ ဘာကြောင်းပြချက်မှမရှိဘူး။ ပလပ်တယ်ဆိုပြီးတော့ ဒီအတိုင်းပဲရေးထားတယ်။ ဒီအတိုင်းပဲရေးထားတော့  နောက်ဆုံး အထူးအယူခံပေါ့ တစ်ဆင့်ကျန်တယ်။ အဲဒီဟာတက်ပြီးမှ အထူးအယူခံမှာ စီရင်ချက်ရေးရမယ်။ အခုစီရင်ချက်မရေးတော့ ဘာလို့ပယ်သလဲဆိုတာ အကြောင်းပြချက်မရှိဘူး ” ဟု ဒေါက်တာအေးမောင်၏ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ  တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်က ပြောသည်။

စစ်တွေခရိုင်တရားရုံးက ချမှတ်ခဲ့သော အမိန့်အပေါ် အကြောင်းခြင်းရာများမှာ တရားဥပဒေနှင့် ညီ၊မညီ သေသေချာချာ မစိစစ်ဘဲ အကြမ်းအားဖြင့် ပလပ်လိုက်ခြင်းသည် နိုင်ငံသားတစ်ယောက်အတွက် တရားဥပဒေရေးရာ၌ ပြည့်စုံစွာ ခံစားခွင့်မရနိုင်သည့် အနေအထားဖြစ်နေသည်ဟု စာရေးဆရာ ဝေဟင်အောင်၏ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ဆိုသည်။

“ ဒီလောက်ကြီးလေးတဲ့ အမှုတွေမှာ မူလရုံးကချမှတ်တဲ့ အမိန့်ဟာ မှန်တယ်၊ မှားတယ်။ ဥပဒေနဲ့ ညီ၊ မညီ။ အကြောင်းခြင်းရာတွေက ဒီလိုပေါ်ပေါက်မှု ရှိ၊ မရှိ။ တည်ဆဲဥပဒေတွေနဲ့ ကိုက်ညီမှုရှိ၊မရှိ ဆိုတာကိုတော့ ဒီလောက်အဆင့်မြင့်တဲ့ တရားရုံးတော်တွေက နှစ်ဘက်ကို ခေါ်ယူပြီးတော့  လျှောက်လဲချက်ကြားနာခြင်း ပေးသင့်တယ်လို့မြင်တယ်။ အခုကတော့ အဲဒီအခွင့်ရေးကို ရခိုင်ပြည်နယ်တရားလွှတ်တော်မှာလည်း မရခဲ့ဘူး။ နေပြည်တော်တရားလွှတ်တော်ချုပ်မှာလည်းမရခဲ့ဘူး”  ဟု ဒေါ်အေးနုစိန်ကပြောသည်။

၎င်းတို့နှစ်ဦးကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ရသေ့တောင်မြို့တွင် ပြုလုပ်ခဲ့သော ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျရှုံးခြင်း ဝမ်းနည်းဖွယ်အထိမ်းအမှတ်ပွဲတွင် စာပေဟောပြောခဲ့မှုကြောင့် နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မတို့ဖြင့် စစ်တွေခရိုင်တရားရုံးက မတ်လ (၁၉) ရက်နေ့တွင် ထောင်ဒဏ် နှစ်(၂၀)ချမှတ်လိုက်ခြင်းဖြစ်သည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...