ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်တွင် တပ်မတော်ရေယာဉ်တစ်စီး ပစ်ခတ်ခံရပြီးနောက် ရေယာဉ်က ပစ်ခတ်မှုများ ပြုလုပ်သောကြောင့် ကျေးရွာ (၅) ရွာခန့်က ဒေသခံများသည် လုံခြုံရေးစိုးရိမ်မှုကြောင့် တခြားကျေးရွာများသို့ ထွက်ပြေးသွားသဖြင့် ယင်းရွာများက စာသင်ကျောင်းများကို ယာယီပိတ်ထားရသည်။
ပြာပင်ရင်း၊ ရန်အောင်ပြင်၊ ဈေးကုန်တန်း၊ ခတောက်ချောင်း၊ နန်းစီကုံး စသည့်ကျေးရွာများက စာသင်ကျောင်း များကို ယာယီပိတ်ထားရခြင်းဖြစ်သည်။
“စာသင်ကျောင်းတွေ ပိတ်ထားတာတော့မဟုတ်ဘူး။ ယာယီသဘောပါ။ ကျေးရွာတွေမှာ လူတွေလည်း မရှိကြတော့ ဆရာ၊ဆရာမတွေလည်း ခွင့်ယူပြီး နေရပ်ပြန်ကြတာပါ”ဟု မြို့နယ် ပညာရေးမှူး ဦးကျော်မြက ပြောသည်။
ဇူလိုင်လ ၂၀ ရက်နေ့က ရသေ့တောင်မြို့နယ်၊ မေယုမြစ်ကမ်းအနီးတွင် တပ်မတော်(ရေ)မှ စစ်ရေယာဉ် ၃ စီးအား AA က ရှော့တိုက်ဒုံး ၂ လုံးဖြင့် လာရောက်ပစ်ခတ်ခဲ့သောကြောင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွား ခဲ့သည်။ ယင်းနောက်တွင် ရေယာဉ်မှ လက်နက်ကြီးများ ပစ်ခတ်နေသဖြင့် ဒေသအခေါ် ဆေးသမားဆိုသည့် ကွင်းပြင်ပေါ်သို့ ကျရောက်လာ၍့ ကြောက်လန့်ထွက်ပြေးကြခြင်းဖြစ်သည်ဟု ဆိုသည်။
“ရေယာဉ်ကနေပစ်တဲ့ လက်နက်ကြီးသံတွေကို ကြားနေရတယ်။ လက်နက်ကြီးကျတာက ရွာလေးရွာ အကြားမှာရှိတဲ့ ကျွန်တော်တို့ ဒေသအခေါ် ဆေးသမားပြင်မှာကျတယ်။ လက်နက်ကြီးတွေက မထင်မှတ်ဘဲ ရွာထဲကျရောက်မှာကိုလည်း စိုးရိမ်နေကြတယ်။ အဲဒါကြောင့် ပတ်ဝန်းကျင်ရွာက ရွာသားတွေ ကြောက်လန့်ပြီး မနေရဲတာတွေက ပိုများနေတယ်” ဟု ပြာပင်ရင်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
ထို့ကြောင့် ကျေးရွာ (၅) ရွာခန့်က ဒေသခံ (၄၀၀၀)ကျော်မှာ ရသေ့တောင်မြို့ပေါ်နှင့် ရန်အောင်ပြင် စသည့် ကျေးရွာများသို့ ထွက်ပြေးသွားကြသည်။
အလားတူ မြေပုံမြို့နယ်တွင်လည်း ဇူလိုင်လ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် စစ်ဘေးရှောင် (၁၀၀၀) ကျော် ရှိလာသည်။
လက်ရှိတွင် ရခိုင်ပြည်နယ် မြို့နယ်အနှံ့တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)ကြား တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံများစွာ ထွက်ပြေးနေရသည်။ တိုက်ပွဲများကြောင့် မြို့နယ်အနှံ့တွင် စစ်ဘေးသင့်ဒုက္ခသည် (၅)သောင်း ကျော်အထိရှိသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းရုံး (REC)က ဇူလိုင်လ ၉ ရက်နေ့က ထုတ်ပြန်သည်။







