ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများအတွင်း မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်များကို လျှော့ချနိုင်ရန် မိုင်းအန္တရာယ် အသိပညာပေး ဆရာဖြစ်သင်တန်းကို စစ်တွေမြို့၌ ပြုလုပ်လျက်ရှိသည်။
မိုင်းအသိပညာပေး ဆရာဖြစ်သင်တန်းကို စစ်တွေဟိုတယ်၌ ဇူလိုင်လ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့ထိ ၂ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါ သင်တန်းကို UNICEF မှ ဦးဆောင် ပြုလုပ်ခြင်းဖြစ်သည်။
မိုင်းအန္တရာယ် အသိပညာပေးသင်တန်းမှ ရရှိလာသော အတွေ့အကြုံ၊ အသိပညာများကို ထိရောက်စွာ ဆင့်ပွားသင်တန်းများ ပို့ချသွားမည်ဖြစ်ကြောင်း မြောက်ဦးမြို့နယ်မှ သင်တန်းတက်ရောက်လာသူ လ/ထ မြို့နယ် ပညာရေးမှူး ဦးထွန်းငြိမ်းဇော်ကပြောသည်။
“ကျနော်တို့ အခုပြန်ပြီဆိုရင် ဒီသင်းတန်းက ဒီနေ့တစ်ရက် နက်ဖန်တစ်ရက် ပေးတာ အဲဒါကို ကျနော်တို့မြို့နယ်ကို ရောက်တဲ့အခါ ကျနော်တို့မြို့နယ်က ကျောင်းပေါင်းသုံးဆယ်က ဆရာ/မတွေကို ခေါ်ပြီးတော့ ဆင့်ပွားသင်းတန်းပေးမယ်။ ပေးပြီးတော့ အခုလက်ရှိ ကြုံတွေ့နေရတဲ့ စစ်လက်ကျန်ပစ္စည်းတွေနဲ့ မိုင်းတွေကြောင့် ဖြစ်နေရတဲ့ အန္တရာယ်တွေကို လျော့သွားအောင်၊ ရှောင်ရှားနိုင်အောင်၊ နည်းလမ်းတွေကို သိရှိအောင်၊ အခုသိရှိနေတဲ့ တစ်ချို့သောအမှားတွေကိုအမှန်ဖြစ်အောင် ဆိုပြီးတော့ သင်ကြားပေးမယ့် ကျောင်းတွေကို ရောက်လို့ရှိရင်လည်း ကလေးတွေကနေတစ်ဆင့် မိသားတွေပါ ကျေးရွာသားတွေပါ သိရှိအောင် အစီအစဉ်ရှိပါတယ် ” ဟု ဇူလိုင် ၂၀ ရက်နေ့က ပြောခဲ့သည်။
အဆိုပါ သင်တန်းကို စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် စသည့်မြို့နယ်များမှ သင်တန်းသား ၃၄ ဦး တက်ရောက်ကြသည်။
ယခုလို မိုင်းအန္တရာယ်အသိပညာပေး ဆရာဖြစ်သင်တန်း ပို့ချပေးခြင်းဖြင့် ဒေသခံပြည်သူလူထုအတွက် အကျိုးရှိလာမည်ဖြစ်သည်ဟုလည်း သင်တန်းတက်ရောက်လာသူ လ/ထ မြို့နယ်ပညာရေးမှူး ဦးဇော်မင်းနိုင်က ဆိုသည်။
“ကျနော်တို့ ဒေသတွေမှာဆိုရင် အခုခြောက်လကျော် ကာလအတွင်းမှာ ကျနော်တို့ မိုင်းနဲ့ပတ်သက်တာတွေ၊ နောက်ပြီးတော့ စစ်ကျန်လက်နက်တွေနဲ့ ကျနော်တို့ ပြည်သူလူထုတွေကို ကျောင်းသားအရွယ်တွေ ကျနော်တို့ ရသေ့တောင်ဆိုလိုရှိရင် ၇ တန်း ကျောင်းသားတစ်ယောက်နဲ့ ၈တန်းကျောင်းသားတစ်ယောက် ကျန်ခဲ့တဲ့ဗုံးကို ယူကစားရင်းနဲ့ သေသွားတယ်ပေါ့နော်။ မကြာသေးဘူး အဲလို ဖြစ်စဉ်တွေရှိတော့ ဒီလို အသိပညာပေးသင်တန်းမျိုးတွေကို တက်ပြီး ကျနော်တို့အနေနဲ့ ကိုယ့်မြို့နယ် ကိုယ့်ဒေသမှာ ပြန်ပြီး သင်းတန်းပို့ချရမယ်။ ပြန်ပြီး ဖြန့်ဝေရမယ်ဆိုရင်တော့ ပြည်သူလူတွေအတွက် ကျောင်းသား/ကျောင်းသူတွေအတွက် အကျိုးရှိမှာပါ။” ဟုပြောသည်။
ရခိုင်ပြည်နယ်မှာ မိုင်းနှင့် စစ်ကျန်လက်နက်များ ပေါက်ကွဲမှုကြောင့် ဒေသခံများ မကြာခဏ သေဆုံး၊ဒဏ်ရာ ရရှိမှုများလည်း ရှိနေကြသည်။







