ဘူးသီးတောင်မြို့နယ်၊ နယုန်တောင်(နွားရုံတောင်)ကျေးရွာအား ရက္ခိုင့်တပ်တော်(AA)မှ မီးရှို့ထွက်ပြေးဟု တပ်မတော်၏ ထုတ်ပြန်ချက်ကို ကန့်ကွက်ရှုတ်ချကြောင်း AA က ဇူလိုင်လ ၁၆ ရက်နေ့က ထုတ်ပြန်သည်။
နွားရုံတောင်ကျေးရွာ မီးရှို့ခံရမှုသည် ဇူလိုင်လ ၁၃ ရက်နေ့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းရွာအနီးတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် ကျေးရွာရှိ လူနေအိမ်နှစ်လုံး၊ ဝက်ခြံတစ်ခြံနှင့် နွားခြံတစ်ခြံတို့ကို AA က မီးရှို့ထွက်ပြေးသွားခဲ့ခြင်းဟု တပ်မတော်က ဇူလိုင်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။
သို့သော် ယင်းထုတ်ပြန်ချက်သည် “မဟုတ်မမှန် လိမ်ညာရေးသားထားသည့် စွပ်စွဲချက်တစ်ခုသာ” ဟု AA ဘက်က တုန့်ပြန်သည်။
မြန်မာတပ်မတော်အနေဖြင့် ယခုကဲ့သို့ ရေးသားမှုမှာ တိုက်ပွဲဖြစ်ပွားနေသော ရခိုင်ဒေသ၏ မြို့ရွာများကို အင်တာနက်လိုင်းများကို ဖြတ်တောက်ပြီးနောက် မိမိတို့အား ချောက်ချသည့်လုပ်ရပ်ဟုလည်း AA ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
AA အနေဖြင့် ကျေးရွာများအနီး စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်သကဲ့သို့ အရေးမသာပါက ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများပြုလုပ်လာပြီး တပ်မတော်စစ်ကြောင်းများက မီးရှို့သည်ဟု ထင်မြင်လာစေရန် ဆောင်ရွက်လာခြင်းကြောင့် တပ်မတော်အနေဖြင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဟု တပ်မတော်က ထုတ်ပြန်ထားသည်။
မြန်မာ့တပ်မတော်သည် နွားရုံတောင်ရွာအား မီးရှို့ခဲ့သည်ကို နိုင်ငံတကာနှင့် ကမ္ဘာ့မီဒီယာများမှ သိရှိသွားပြီးနောက်တွင် ၎င်းတို့ကျူးလွန်မှုကို ရှောင်လွဲရန်ပြုလုပ်သည့် လုပ်ရပ်တစ်ခုဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်သည် ယခုကဲ့သို့ ရခိုင်ကျေးရွာများကို မီးရှို့သည့်လုပ်ရပ်မှာ မောင်တောမြို့နယ်မှ မွတ်ဆလင် ရွာများကို မီးရှို့ခဲ့စဉ်ကာလ၌ ပြုလုပ်ခဲ့သောလုပ်ရပ်နှင့် တူညီသည်ဟုလည်း AA ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
နွားရုံတောင်ကျေးရွာမှ နေအိမ်များအား တပ်မတော်စစ်ကြောင်းတစ်ခု လာရောက်ပြီး မီးရှို့သွားခဲ့ခြင်းဟု အမည်မဖော်လိုသည့် ရွာသားတစ်ဦးက DMG ကိုပြောဆိုထားသည်။
မွတ်ဆလင်များအပေါ် လူမျိုးတုံးရှင်းလင်းမှုအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းက ဥပဒေမဲ့သတ်ဖြတ်မှုများအပါအဝင် လူ့အခွင့်အရေးအကြီးအကျယ် ချိုးဖောက်မှုများအတွက်ဟုဆိုကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်သန်းဦး၊ ဗိုလ်ချုပ်အောင်အောင်တို့နှင့် ၎င်းတို့မိသားစုဝင်များကို ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ကြေင်း အမေရိကန် နိုင်ငံခြားရေးဌာနက ဇူလိုင်လ ၁၆ ရက်နေ့၊ညနေပိုင်းတွင် ကြေငြာလိုက်သည်ဟု RFA သတင်းဌာနတွင် ရေးသားထားသည်။
အဆိုပါ ကြေငြာချက်တွင် မြန်မာတပ်မတော်သည် နိုင်ငံတဝှမ်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည်ဆိုသည့် သတင်းများလည်း ဆက်တိုက်ထွက်ပေါ်နေကြောင်းလည်း ဖော်ပြထားသည်ဟု သတင်းတွင် ဆက်လက် ရေးသားထားသည်။







