ရခိုင်လူငယ် ၆ ဦးအား ရက္ခိုင့်တပ်တော် (AA) ကို ထောက်ပံ့နေသည်ဟုဆိုကာ စင်္ကာပူအစိုးရက ဖမ်းဆီးစစ်ဆေးပြီး ပြည်နှင်ဒဏ်ပေးလိုက်သည့်ကိစ္စနှင့် ပတ်သက်ပြီး ဇူလိုင်လ ၁၇ ရက်နေ့ တွင် ဂျပန်နိုင်ငံရှိ စင်္ကာပူသံရုံးရှေ့မှာ ရက္ခိုင်လူငယ်များအစည်းအရုံး(ဂျပန်) ဦးဆောင်ပြီး လူပေါင်း (၇၀)ကျော်ခန့်က ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
AA သည် မြန်မာနိုင်ငံ၌ အကြမ်းဖက်တိုက်ခိုက်မှုများကို လုပ်ဆောင်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ အဆိုပါ လူငယ် ၆ ဦးမှာ AA အား ထောက်ပံ့ပေးနေခြင်းတို့ရှိကြောင်း စသည်ဖြင့် စင်္ကာပူအစိုးရက စွပ်စွဲထားသည့်အတွက် ကန့်ကွက်ဆန္ဒထုတ်ဖော်ရခြင်းဟု ရက္ခိုင်လူငယ်များအစည်းအရုံး (ဂျပန်) မှ နာယက ဦးကျော်သန်းလှိုင်က DMG ကို ပြောသည်။
“ရခိုင်ပြည်မှာ ဒုက္ခရောက်နေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့နေကြတဲ့ လူမှုရေးအသင်းတစ်ခုက ခေါင်းဆောင်တွေကို AA နဲ့ ပတ်သက်တယ်လို့ စွပ်စွဲတာဟာ လုံးဝ ယုတ်တိ မရှိဘူး။ ငွေတုကိစ္စနဲ့ အဖမ်းခံရတယ်လို့ ဓာတ်ပုံတွေနဲ့ မီဒီယာတွေမှာ တွေ့ရတဲ့ အဲဒီငွေတုပုံတွေဟာ တရုတ်နိုင်ငံမှာ ၂၀၀၅ ခုနှစ်က ဖမ်းမိတဲ့ပုံတွေဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
ပြည်နှင်ဒဏ်အပေးခံရသည့် ၆ ဦးအနက် ကိုတင်လှိုင်ဦးနှင့် မမေကြီး တို့မှာ ဇူလိုင်လ ၁၁ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး နေပြည်တော်အနီး အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံလိုက်ရရာ ယနေ့အချိန်ထိ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မရရှိသေးပေ။ ယင်းအပြင် မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း မိသားစုဝင်များ မသိရှိသေးပေ။
ထို့အပြင် စင်္ကာပူနိုင်ငံက ပြည်နှင့်ဒဏ်အပေးခံရသူ ကျန် ၄ ဦးမှာလည်း မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီး ဖမ်းဆီးခြင်းခံရကြောင်း သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။
ယင်းသို့ ရခိုင်လူငယ် ၆ ဦး ကိစ္စနှင့်ပတ်သက်ပြီး ဇူလိုင်လ ၁၅ ရက်နေ့က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်ရှိ စင်္ကာပူသံရုံးရှေ့နှင့် မြန်မာသံရုံးရှေ့တို့မှာ လူအင်အား ၁၀၀ ကျော် ဆန္ဒပြခဲ့ကြသည်။







