မင်းပြားမြို့နယ်တွင် ကျေးရွာ (၁၀) ကျော် ရေကြီးမှုနှင့်ရင်ဆိုင်နေရ

မင်းပြားမြို့နယ်တွင် ကျေးရွာ (၁၀) ကျော် ရေကြီးမှုနှင့်ရင်ဆိုင်နေရ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ ကျေးရွာ (၁၃)ရွာခန့် ရေကြီးမှုနှင့်ရင်ဆိုင်နေရသောကြောင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေရသည်ဟု ဒေသခံများထံက သိရသည်။

ဇွန်လအစောပိုင်းက စတင်ပြီး မိုးသည်းထန်စွာရွာသွန်းနေသဖြင့် ပန်းမြောင်းကြီးချောင်းက  ချောင်းရေများသည် ပြင်ယောင်း၊ အိုးပျဉ်တောင်၊ ရွှေကျန်၊ ပွဲရကံဆိပ်၊ သာစည်၊ ခွဆုံ၊ ထိန်ပင်၊ ငတာ၊ ဒိုင်းသား၊ မင်းဖူး၊ ကပ်ပဲ၊ ပုလဲတောင်၊ ဝါးတောင်ကျေးရွာစသည့် ကျေးရွာများသို့  ရေပြည့်လာသောကြောင့် ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေးနေရသည်ဟု ဒေသခံများထံက သိရသည်။

“ရွာထဲကို ရေဝင်လာတယ်။ ရေက ၃ ပေကနေ ၆ ပေအထိ နစ်မြုပ်နေပါပြီ။ အင်တာနက်လိုင်း ဖြတ်တောက်ထားတာကြောင့် ရွာမှာ နေကြီးနေတာကို အင်တာနက် စာမျက်နှာမှာ တင်လို့မရဘူး” ဟု အိုးပျဉ်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျန်လူက ပြောသည်။

ထိုသို့ ရေကြီးနေသောကြောင့် ကျေးရွာသားတစ်ချို့မှာ အနီးအနားရှိ တောင်ကုန်းပေါ်သို့ သွားရောက်ခိုလှုံလျက်ရှိကြပြီး အမိုးအကာများမရှိသဖြင့် ဒုက္ခရောက်နေကြသည်ဟုလည်း ဒေသခံများက ဆိုသည်။

“စားရေးသောက်ရေး အခက်အခဲတွေဖြစ်နေတယ်။ ပုဒ်မ ၁၄၄ (ညမထွက်ရအမိန့်) ထုတ်ပြန်ထားလို့ လက်လုပ်လက်စားတွေ၊ လယ်သမားတွေအတွက် အခက်အခဲဖြစ်နေတယ်။ ဆန်မရှိတော့ ဝယ်ဖို့ပိုက်ဆံက မရှိဘူး။ ရေကြီးနေတာကြောင့် အလုပ်လည်းမလုပ်ရတော့ဘူး” ဟု ပြင်ယောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က ပြောသည်။

မင်းပြားမြို့နယ်တွင် အင်တာနက်လိုင် ဖြတ်တောက်ခံထားရသဖြင့် သူတို့ဒေသ ရေကြီးမှုဖြစ်နေသည်ကို အင်တာနက်ပေါ်တင်ရန် အခက်အခဲဖြစ်နေပြီး ယင်း၏ အကျိုးဆက်အဖြစ် သူတို့အတွက် စားနပ်ရိက္ခာများ  ထောက်ပံ့မှု မရရှိကြဟု ဆိုကြသည်။ ထိုသို့ ရေကြီးမှုဖြစ်ပေါ်နေသဖြင့် ၎င်းတို့မှာ စားနပ်ရိက္ခာများလည်း အရေးပေါ်လိုအပ်နေသည်ဟုလည်း ဒေသခံများက ပြောကြသည်။

မြောက်ဦးမြို့အရှေ့ဘက်တွင်ရှိသော လေးမြို့မြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်ထက် ၃ ပေခန့် မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ဇူလိုင်လ ၁၁ ရက်နေ့တွင် ထုတ်ပြန် လိုက်သည်။

ထို့သို့ လေးမြို့မြစ်ရေ စိုးရိမ်ရေမှတ်ထက် မြင့်တက်လာနေခြင်းကြောင့်  မြောက်ဦးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန်လည်း အကြံပြုထားသည်။

မြောက်ဦးမြို့နယ် စင်းဘောကိုင်းကျေးရွာအနီး လေးမြို့မြစ်ကမ်းဘေးမှာ ယာယီတဲများဖြင့် နေထိုင်ကြသော အိမ်ထောင်စု ၅၀၀ ခန့် လူဦးရေ ၃၀၀၀ ခန့်ရှိသော စစ်ဘေးဒုက္ခသည်တို့မှာလည်း မြစ်ရေ မြင့်တက်လာ၍ တဲအိမ်များ ရေနစ်မြုပ်သဖြင့် ကုန်းမြင့်နေရာများသို့ တိမ်းရှောင်နေရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း တောင်ကုတ်မြို့ပေါ် ရပ်ကွက် ၅ ခုကို ရေပြည့်ရေလျှံမှု ဖြစ်ပွားခဲ့ပြီး ဒေသခံများ စိုးရိမ်မှုမြင့်တက်ခဲ့ကြသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...