ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊ ------ ကျေးရွာတွင် မသန်စွမ်းအမျိုးသမီးတစ်ဦးကို ဆွေမျိုးတစ်ဦးက အဓမ္မ ပြုကျင့်မှုဖြစ်ပွားခဲ့ပြီး ကိုယ်ဝန် (၆)လရှိမှ သိရသည့်အတွက် ဇူလိုင်လ ၆ ရက်နေ့တွင် မိခင်ဖြစ်သူက အမှုဖွင့် လှစ်ထားကြောင်း ကပိုင်ချောင်းရဲစခန်းမှ သိရသည်။
အဆိုပါ အသက် (၂၀)နှစ်အရွယ် အမျိုးသမီးမှာ အသက် (၆)နှစ် အရွယ်ကပင် အပြင်းဖျားပြီး နာမကျန်းဖြစ်ခဲ့ ကာ ပိုလီယိုရောဂါဖြစ်ပွားခဲ့သဖြင့် နားထိုင်းပြီး ကိုယ်လက်မသန်စွမ်းဖြစ်နေခဲ့သည်ကို တစ်ရွာတည်းနေ ဆွေမျိုး တော်စပ်သူ တစ်ဦးက နေအိမ်သို့လာရောက်ပြီး ခြိမ်းခြောက် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။
ထို အမျိုးသမီးတွင် ကိုယ်ဝန်(၆)လ ရှိနေစဉ် မိခင်ဖြစ်သူက မသင်္ကာသည့်အတွက် မေးမြန်းရာမှ တစ်ရွာတည်နေ ဆွေမျိုးတော်စပ်သူတစ်ဦးက အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြန်ပြောလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သည်ဟု ဆိုသည်။
ထိုကြောင့်မိခင်ဖြစ်သူက တရားလိုပြုလုပ်ကာ တိုင်တန်းလာသည့်အတွက် ကပိုင်ချောင်းရဲခန်းတွင် အမှုဖွင့် လှစ်ထားပြီး တရားခံမှာ ထွက်ပြေးတိမ်းရှောင်နေသည်ဟု ကပိုင်ချောင်းစခန်းမှူး ရဲအုပ်အောင်ဇော်မိုးက ပြောသည်။
"ဖြစ်တာတော့ အတိအကျမသိဘူး။ ကိုယ်ဝန်ကတော့ (၆)လလောက်ရှိပြီပြောတယ်။ ကိုယ်ဝန်စစ်တဲ့ဟာနဲ့ စစ်ကြည့်တော့မှ ကိုယ်ဝန်ရှိနေမှန်းသိကြတာ။ ရဲစခန်းကိုတော့ မနေ့ကလာပြီး အမှုဖွင့်လှစ်တာကြောင့် ၃၇၆ မုဒိမ်းမှုနဲ့ အမှုဖွင့်လှစ်ထားပါတယ်။ တရာခံကတော့ ထွက်ပြေးတိမ်းရှောင်သွားတဲ့အတွက် ဖမ်းဆီးရမိဖို့ လုပ်ဆောင်နေတယ်"ဟု စခန်းမှူး ရဲအုပ်အောင်ဇော်မိုးက ဆိုသည်။
လက်ရှိတွင် အဓမ္မပြုကျင့်ခဲ့သူအား ပ ၁၇/၁၉၊ ရာဇသတ်ကြီးပုဒ်မ(၃၇၆)ဖြင့် အမှုဖွင့်လှစ်ကာ တရားခံအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေသည်ဟု ကပိုင်ချောင်းရဲစခန်းမှ သိရသည်။







