ချင်းပြည်နယ်အစိုးရအဖွဲ့၏ တတိယတစ်နှစ်တာလုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဇူလိုင်လ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲတွင် တက်ရောက်သတင်းယူမည့် မီဒီယာများအား ကန့်သတ်မှုတစ်ချိူ့ရှိ နေဆဲဖြစ်သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲကို ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့က ကျင်းပပြုလုပ်ရန် စီစဉ်ခဲ့ကြသော်လည်း ချင်းပြည်နယ် ဝန်ကြီးချူပ် ပြည်ပခရီးစဉ်နှင့် လွှတ်တော်အစည်းအဝေးတို့ကြောင့် ဇူလိုင်လ (၁၀) ဗုဒ္ဓဟူးနေ့တွင် ကျင်းပရန် ရက်ရွှေ့ဆိုင်း ခဲ့ကြခြင်းဖြစ်သည်။
ယခုပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲတက်ရောက်မည့် မီဒီယာသမားများအတွက် လိုက်နာရမည့် စည်းကမ်းချက် (၈) ချက်ကိုလည်း ချင်းပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်လိုက်ပြီး သတ်မှတ်မေးခွန်ထက်ပိုမပေးရန်နှင့် သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်အတွင်း Live ထုတ်လွှင့်ခြင်းမပြုရဟု ပါရှိသည်။
ယခုစည်းကမ်းချက်မထုတ်ပြန်မီကလည်း သတင်းစာရှင်းလင်းပွဲတက်ရောက်မည့် မီဒီယာများအနေဖြင့် သတင်းတိုက်တစ်ခု လျင် မေးခွန်း (၃) ခုစီနှင့် မေးခွန်းများကို ကြိုတင်ပေးပို့ရမည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန် ချက်ကြောင့် ချင်းမီဒီယာအဖွဲ့အစည်းများက ကန့်ကွက်မှုရှိခဲ့ပြီး မီဒီယာတချိူ့မှာ တက်ရောက်မည်မဟုတ်ကြောင်း ပြောဆို ခဲ့ကြသည်။
ချင်းဝေါလ်မီဒီယာ အယ်ဒီတာ ဆလိုင်းဟုန်းထွန်းဂေကတော့ ပွင့်လင်းမြင်သာမှုရှိရန် အစိုးရမှ ကြွေးကြော်နေချိန် ချင်းပြည်နယ် အစိုးရမှ ယခုလိုစိုးရိမ်စရာတစ်ခုရှိနေသယောင် မေးခွန်းကြိုတောင်းခြင်းသည် အခြားသောပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့လုပ်သည့် သတင်းစာရှင်းလင်းပွဲနှင့် နှိုင်းယှဉ်လျှင် အစိုးရသိက္ခာကြစေ သည်ဟု ပြောဆိုပါသည်။
“လက်ရှိအာဏာရပါတီခေါင်းဆောင်ဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံတောင် မီဒီယာသမားတွေကို မေးခွန်းကြိုပို့ခိုင်းတာမရှိဘူး။ တပ်မတော်ကလည်းမလုပ်ဘူး။ မေးခွန်းကို ကြိုပို့ခိုင်းထားတယ်ဆိုတာ အချက်အလက်တွေ ကြိုစုနိုင်အောင်လို့ အစိုးရဖက်ကပြောတာမျိုးရှိတယ်။ ဒီလုပ်ပုံလုပ်နည်းက မှားကိုမှားနေပါတယ်။ ဘာလို့လဲဆိုတော့ သတင်းစာရှင်းလင်းပွဲနေ့မှာ ဝန်ကြီးတွေအပါအဝင် ဌာနဆိုင်ရာအကြီးအကဲတွေလည်း တက်တာပဲ။ ပွဲနေ့အတွက် တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်နဲ့ပတ်သက်တာတွေ စုထားဖို့၊ ရှိထားဖို့က သူတို့တွေကိုယ်တိုင်လုပ်ရမှာဖြစ်တယ်။ မေးခွန်းကိုကြိုတောင်းပြီး အဲဒီအတွက်ပဲ ပြင်ဆင်မှုလုပ်လာမယ်ဆိုတာမျိုးကမှားနေတယ်။ မေးခွန်းကန့်သတ်တာကတော့ တစ်ခြားဒေသတွေမှာလည်းရှိပါတယ်။ ဒါကလည်း သတင်းသမားတွေ မေးခွန်းအားလုံးမေးလို့ရအောင်လုပ်တာပဲဖြစ်တယ်။ ဒါပေမယ့် မေးခွန်းကြိုပို့ရမယ်ဆိုတာမျိုးမဟုတ်ဘူး။ အစိုးရအဖွဲ့က တစ်နှစ်တာလုပ်ငန်းကို အချိန်အတိုင်းအတာတစ်ခုယူပြီးအရင်ရှင်း၊ အဲဒါပြီးရင် သတင်းသမားတွေက မေးခွန်းမေး၊ အဲလိုဖြစ်သင့်တာဖြစ်တယ်။ ပြသနာတစ်ခုကလည်း သတင်းမီဒီယာဥပဒေမှာ ဒါမျိုးနဲ့ပတ်သက်ပြီးမပါဘူးဖြစ်နေတယ်။ ဒါပေမယ့် အခုလို ပွင့်လင်းမြင်သာမှုရှိအောင် အစိုးရက ဖော်ဆောင်ဖို့ ကြွေးကြော်နေရင်းနဲ့ အခုလို အစိုးရအဖွဲ့က စိုးရိမ်စရာတစ်ခုခုရှိနေသယောင်နဲ့ မေးခွန်းကြိုတောင်းတယ်ဆိုတာ တစ်ခြားပြည်နယ်၊ တိုင်းဒေသကြီးအစိုးရတွေ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွေနဲ့နှိုင်းရင် အစိုးရရဲ့ သိက္ခာကျစေပါတယ်” ဟု ဆလိုင်းဟုန်းထွန်းဂေကပြောသည်။
ချင်းပြည်နယ်အစိုးရမှ မေးခွန်းကြိုတင်တောင်းခြင်းကြောင့် သတင်းစာရှင်းလင်းပွဲကို ယခင်ကမတက်ရောက်ရန်ဆုံးဖြတ်ထားသည့် ဟားခါးအခြေစိုက် The Hakha Post ကလည်း ယခုပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲကိုပြန်လည်တက်ရောက်မည်ဖြစ်ကြောင်းလည်း The Hakha Post အယ်ဒီတာ ဦးပါပွီးကပြောသည်။
“ကျနော့်ကို ပြည်နယ် ပြန်ဆက်ကဖုန်းဆက်တယ် ဒီအစိုးရသတင်းစာရှင်းလင်းပွဲမှာ ဖိတ်စာပေးထားတယ်ရသလား ဆိုပြီးကျနော့်ကိုမေးတယ် ရတယ်လိုပြန်ဖြေတယ် အစမှာကျနော်တို့တက်ဖို့အစီအစဉ်မရှိဘူး ဒါပေမဲ့ပြန်ဆက်ကပေါ့ The Hakha Post ကတင်ပြထားတဲ့ Open Question အကြောင်းကို ချင်းပြည်နယ်ဝန်ကြီးချုပ်ထံကျနော်တို့တင်ပြတယ် ချင်းပြည်နယ်ဝန်ကြီးချုပ်က Open Question ကို ခွင့်ပြုလိုက်ပါလို့ ကျနော့်တို့ကိုပြောထားတယ် အဲဒါကြောင့် Open Question ရတယ်ဆိုရင်တော့ ကျနော်တို့လာတက်မယ် ကျနော်တို့လိုချင်တာက လွတ်လပ်စွာမေးမြန်းခွင့်ပေါ့ အဲဒါကိုပဲတောင်းချင်တာပါ အဲလိုကျနော်ပြောထားတယ် အဲဒါကြောင့် ကျနော်တို့တက်ဖို့အစီအစဉ်ရှိတယ်၊ ပြောမယ်ဆိုရင်တော့ မေးခွန်းဘယ်လောက်မေးရမယ် Live တွေဘာတွေမလွှင့်ရဘူး အဲဒါမျိုးဟာ အမှန်ဆိုရင် မဖြစ်သင့်ဘူး ဒါပေမဲ့ ကျနော့်အနေနဲ့ အဲလောက်ကြီးတော့ မပြောချင်ဘူး Open Question ရတယ်ဆိုရင်တော့ အဲလောက် သူတို့ဘက်က ဖွင့်ထားတယ်ဆိုရင်တော့မဆိုးဘူးလို့တော့ ကျနော်ထင်ပါတယ် အဲဒါကြောင့် ကျနော်တို့ပြန်တက်ဖို့ အစီအစဉ်ရှိတာ” ဟု The Hakha Post အယ်ဒီတာ ဦးပါပွီးကပြောသည်။








