ပြည်နယ်အစိုးရထပ်မံရရှိသည့် ဖြည့်စွက်ငွေကိစ္စ ပြည်နယ်လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်မှုရှုံးနိမ့် ရခြင်းမှာ မတ်တပ်ရပ် မဲခွဲမှုကြောင့် အဲန်အယ်ဒီပါတီအချင်းချင်းကြား အားနာ၍ ထောက်ခံကြခြင်း ဖြစ်ကြောင်း ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်ကပြောသည်။
ဦးအောင်လျန်က “ ကန့်ကွက်ချင်တဲ့သူတွေရှိပေမယ့် ကိုယ့်ပါတီအချင်းချင်းအားနာလို့ ထောက်ခံကြတာ။ တီးတိန်၊ တွန်းဇန်၊ ကန်ပက်လက်တို့ဖက်ကလည်း ကန့်ကွက်မဲပေးချင်တယ်။ ဒါပေမယ့် ကန့်ကွက်မဲဆန္ဒပေးဖို့ကတော့ ပါတီအချင်းချင်းအားနာတာနဲ့၊ ကိုယ့်မဲဆန္ဒနယ်အတွက် ဘတ်ဂျက်မရပဲ အစိုးရရေးဆွဲထားတာကို ထောက်ခံလိုက်ကြတာ ကျွန်တော်စဉ်းစားလို့မရဘူး။ ပါတီကို အားနာလို့ထောက်ခံမဲပေးတာဖြစ်တယ်လို့ ကျွန်တော့်ကိုပြန်ပြောကြတယ်” ဟုပြောသည်။
သူကဆက်ပြီး “ပြည်ထောင်စု အစိုးရက ၂၇.၅.၂၀၁၉ ရက်နေ့မှာ ဖြည့်စွက်ဘတ်ဂျတ်ချပေးတာဖြစ်ပြီး ၃. ၆. ၂၀၁၉ ရက်နေ့မှာ ပြည်ထောင်စုပြန်ပို့ရမှာဆိုရင် ကြားထဲမှာ ၆ရက်တိတိအချိန်ရှိရက်နဲ့ လွှတ်တော်ကိုအလေးမထားဘဲ မိမိလုပ်ချင်လုပ်လို့ရတယ်ဆိုတဲ့သဘောသက်ရောက်တာကြောင့် အတည်ပြုဖို့သဘောမတူကြောင်းကန့်ကွက်ခဲ့တာဖြစ်တယ်” ဟုပြောသည်။
ပြည်နယ်အစိုးရမှ ဖြည့်စွက်ဘတ်ဂျက်ငွေ ၁၇ ဘီလီယံထပ်မံရရှိခဲ့ခြင်းဖြစ်ပြီး ဇွန်လ (၂၈) ရက်နေ့ ချင်းပြည်နယ်လွှတ်တော် (၈) ကြိမ်မြောက်အစည်းအဝေးတွင် အဆိုပါ ဘတ်ဂျက်ငွေကို အစိုးရအဖွဲ့မှ တင်ပြလာခြင်းဖြစ်သည်။
ရန်ပုံငွေခွဲဝေမှုမမျှခြင်း၊ ဝန်ကြီးရှိသည့် မဲဆန္ဒနယ်တွင် ဘတ်ဂျက်ပိုမိုရေးဆွဲထားခြင်း၊ အစိုးရအဖွဲ့အနေဖြင့် လွှတ်တော်ကို ကြိုတင်အသိပေးမှုမရှိခြင်းများကြောင့် ဦးအောင်လျန်မှ ကန့်ကွက်ခဲ့ရာ လွှတ်တော်ဥက္ကဌမှ မတ်တပ်ရပ် မဲခွဲဆုံးဖြတ်စေခဲ့ပြီး ထောက်ခံမဲ ၁၆ မဲနှင့် ကန့်ကွက်မဲ ၃ မဲဖြင့် ဘတ်ဂျက်စာရင်းကို အတည်ပြုခဲ့ကြသည်။
ဦးအောင်လျန်က “ တကယ်တမ်း လှို့ဝှက်မဲပေးမယ်ဆိုရင် တပ်မတော်သားကိုယ်စားလှယ်တွေက ကြားနေပဲနေတော့မယ်။ ကျွန်တော်တို့နိုင်ဖို့အလားအလာရှိတယ်။ ပြည်နယ်အစိုးရက ပြည်နယ်ဘတ်ဂျက်ကို ရေးဆွဲချင်သလိုရေးဆွဲတာကို သိသာအောင် တမင်တကာလုပ်လိုက်တာ။ ဒီဟာကို ကိုယ်စားလှယ်တွေကလည်း ပြတ်ပြတ်သားသား မကန့်ကွက်ကြဘူး။ မတ်တပ်ရပ်တဲ့မဲစနစ်ဖြစ်နေလို့ ထောက်ခံလိုက်ရတယ်။ ဒါတွေကလည်း မရိုးသားဘူး” ဟုပြောသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဖြည့်စွက်ဘတ်ဂျက်ငွေစာရင်းနှင့်ပတ်သက်ပြီး ပြည်ထောင်စုအစိုးရထံ အချိန်မီပြန်လည်ပေးပို့ရန်ဖြစ်သဖြင့် လွှတ်တော်ကိုယ်စားလှယ်များထံ ချပြနိုင်ခဲ့ခြင်းမရှိကြောင်း ပြောဆိုထားသည်။
ချင်းပြည်နယ်လွှတ်တော်တွင် ကိုယ်စားလှယ် ၂၄ ဦးရှိသည့်အနက် တပ်မတော်သား (၆) ဦး၊ ပြည်ခိုင်ဖြိုး (၃) ဦး၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ (၁) ဦးနှင့် အများစုမှာ အဲန်အယ်ဒီပါတီကိုယ်စားလှယ်များဖြစ်သည်။







