ချင်းပြည်နယ်အတွင်း ပြေးဆွဲသည့် မော်တော်ယာဉ်လိုင်းများကို စစ်ဆေးသည့်ဂိတ်ပိုမိုများပြားလာခြင်းနှင့် (ခ) လိုင်စင်များကို ဖမ်းစီးလျော်ကြေးပေးခိုင်းမှုများအပြင် ခရီးသည်များ၏ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားများ စစ်ဆေးမှုများကြောင့် မော်တော်ယာဉ်လိုင်းများအတွက် ရေရှည်မော်တော်ကား လိုင်းဆွဲနိုင်ရန်အတွက် အဟန့်အတားဖြစ်စေလာနိုင်ကြောင်း မော်တော်ယာဉ်မောင်းများကပြောသည်။
တောင်ဇလပ်ကားဂိတ်မှ ယာဉ်မောင်း ဦးဟောင်ပီး က “စုပေါင်းစစ်ဆေးရေးဂိတ်ဆိုရင် စသုံးလုံး၊ ရဲ၊ ထွေအုပ်၊ ကညန တွေရှိရမယ်၊ အခုကတော့ စုပေါင်းဂိတ်ဆိုပြီး စသုံးလုံး၊ သစ်တောနဲ့ ရဲတွေက ကားလိုင်စင်တွေ၊ လုပ်ငန်းလိုင်စင်တွေ၊ ကားသမားရဲ့မှတ်ပုံတင်နဲ့ ခရီးသည်ရဲ့မှတ်ပုံတင်တွေ တောင်းတယ်၊ အဲလိုမျိုးတွေဆိုတော့ ဂိတ်တွေအနေနဲ့ ကားလိုင်းကို လွက်လွက်လပ်လပ် ပြေးဆွဲလို့မရဘူး။ ခရီးသည်တွေကလည်း လွတ်လွတ်လပ်လပ်ခရီးမသွားနိုင်ဘူး၊ နောက်ပြီးခရီးမှာ အချိန်ကြန့်ကြာမှုတွေဖြစ်တယ် ”ဟုပြောသည်။
ချင်းပြည်နယ်အစိုးရအနေဖြင့် စစ်ဆေးရေးဂိတ်တိုးရန် ညွှန်ကြားမှုမျိုးမရှိကြောင်း၊ လိုင်စင်မဲ့ မော်တော်ယာဉ်များကိုသာ နိုင်ငံတော် စီမံချက်ဖြင့် ဖမ်းစီးကြောင်း ချင်းပြည်နယ် ပြောရေးဆိုခွင့်ရှိ ဦးစိုးထက်ကပြောသည်။
ဦးစိုးထက်က “ချင်းပြည်နယ်မှာ စစ်ဆေးရေးဂိတ်တွေကို တိုးဖို့ ပြည်နယ်အစိုးရအနေနဲ့လုပ်တာမရှိဘူး။ လျှော့ချဖို့ပဲလုပ်နေတာဖြစ်တယ်။ ဂိတ်တွေဖြုတ်ဖို့ မြန်မာပြည်မှာ ချင်းပြည်နယ်ကအရင်စလုပ်တာပဲ။ ကျွန်တော်တို့မှာ တစ်ခုတော့ရှိတယ်။ လိုင်စင်မဲ့တွေကိုတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့တင် စစ်ဆေးပြီးဖမ်းနေတာတော့ရှိတယ်။ ငွေကောက်တဲ့ဂိတ်တွေကိုတော့ ခွင့်မပြုထားဘူး” ဟုပြောသည်။
ချင်းပြည်နယ်အတွင်း ပြေးဆွဲနေသည့် ခရီးသည်ကားလိုင်း ယာဉ်မောင်းအများစုမှာ (ခ) လိုင်စင်ဖြင့် မောင်းနှင်သူအများစုဖြစ်သဖြင့် ယာဉ်မောင်းလိုင်စင်များဖမ်းကာ အဆမတန်လျော်ကြေးပေးစေမှုသည် မောင်တော် ယာဉ်မောင်းများအတွက် ခက်ခဲသလို ဂိတ်ပိုင်ရှင်များအနေဖြင့်လည်း မော်တော်ယာဉ်ပုံမှန်ပြေးဆွဲစေရန် အခက်အခဲဖြစ်စေကြောင်း သူကဆက်ပြောသည်။
ဦးဟောင်ပီးက “အခုမှ သုံးလေးနှစ် လောက်ဘဲမောင်းရသေးတဲ့သူတွေဆိုတော့ (ခ)လိုင်စင်ဘဲရှိတယ်၊ ဆိုတော့ သူတို့ကိုဖမ်းတယ်၊ ဖမ်းတော့ငါးသောင်း လျော်ခိုင်းတယ် ဟားခါးနဲ့ကလေးကြား မောင်းတာ သုံးသောင်းဘဲရတယ်၊ စစ်ဆေးရေးဂိတ်တွေက နေ့တိုင်းဖမ်းလိုက်တော့ ငါးသောင်း လျော်ခိုင်းတယ်။ အဲလိုဖြစ်တော့ ဘယ်ကားသမားအတွက်မှ အဆင်မပြေနိုင်တော့ဘူး။ (ခ)လိုင်စင်ဘဲရှိသေးတဲ့ သူတွေက ငါးနှစ်လောက်ကြာရင် လိုင်စင်နီတွေရမှာဘဲ၊ လိုင်းကားဆိုတာ ကျွန်တော်တို့ဝမ်းစာအတွက်ရော ပြည်သူအတွက်ရော အကျိုးပြုရတယ်၊ ဒီလိုဆက်ပြီးလုပ်နေရင် ကျွန်တော်တို့ ဂိတ်တွေပိတ်ပြီးတော့ ကားလိုင်းတွေ ရပ်လိုက်ရုံဘဲရှိတော့တယ်”ဟုပြောသည်။
ဟားခါး-ကလေးပြေးဆွဲနေသည့် ယာဉ်မောင်း ဆလိုင်းအီဆက်က “တစ်ပတ်တစ်ခါလောက်ဖမ်းတယ် တစ်ခါဖမ်းရင် ငါးသောင်းလောက် တရားရုံးမှာ ဒဏ်ငွေဆောင်ရတယ်၊ အဲလိုမျိုးဆိုတော့ ကျွန်တော်တို့ရဲ့ ကားအခေါက်ရည်နဲ့ ဆိုရင်ဘယ်လိုမှမကိုက်ဘူး။ ဒီအခက်ခဲကို အမြန်ဆုံး အကောင်းဆုံးနည်းလမ်းနဲ့ ဖြေရှင်းပေးစေချင်တယ်”ဟုပြောသည်။
ဟားခါး- ကလေး ကားပြေးဆွဲနေသော ယာဉ်မောင်း ဦးနိုင်မင်းက “ ဖလမ်းကို တတ်တဲ့အချိန်မှာ ခရီးသည်တွေရဲ့ မှတ်ပုံတင်တွေမေးတယ်၊ မရှိတော့ တစ်နာရီလောက်ကြာသွားတယ်၊ ဂိတ်မှာ ကျွန်တော်က လိုင်စင်အနီရှှိတယ် (ခ)လိုင်စင်တွေဆိုရင်တော့ သူတို့အဖမ်းခံရတယ်၊ (ခ) လိုင်စင်ကို ဖမ်းမယ်ဆိုရင်လည်း တစ်လတစ်ခါလောက်စစ်ဆေးရင်ကျွန်တော်တို့အတွက်လည်း လက်ခံလို့ရသေးတယ်”ဟုပြောသည်။







