ဘူးသီးတောင် မြို့ပေါ် စစ်ဘေးဒုက္ခသည်စခန်းမှ လယ်ယာလုပ်ငန်း လုပ်ကိုင်ရန် မိမိနေရပ်သို့ ပြန်လာကြသည့် ကံပြင်ကျေးရွာသားများအား ဇူလှိုင်လ ၂ရက်နေ့တွင် တပ်မတော်မှ ဖမ်းဆီးစစ်ဆေးနေသည်ဟု ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံကပြောပါတယ်။
ကံပြင်ကျေးရွာတွင် အိမ်ခြေ ၅၀ ကျော်နှင့် လူဦးရေ ၁၆၀ ကျော်ရှိပြီး တပ်မတော်နှင့် ရခိုင့်တပ်တော်(အေအေ)တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့ပေါ်ဒုက္ခသည်စခန်းများ တွင် ခိုလုံနေထိုင်ခဲ့ကြပြီး လယ်ယာလုပ်ငန်း လုပ်ကိုင်ရန် မိမိကျေးရွာတွင် နေထိုင်နေစဉ် ယခုကဲ့သို့ ဖမ်ဆီးစစ်ဆေးခံနေရခြင်းဖြစ်သည်။
"လမ်းပြအဖြစ်ခေါ်ယူသွားတဲ့ လယ်သမား ၃ ဦးကတော့ ရွာကိုပြန်ရောက်နေပြီလိုသိရတယ် ရွာသူ/သား ၄၀ လောက်ကိုတော့ တပ်မတော်က ဖမ်းဆီးစစ်ဆေးနေတယ်။ ထမင်းစားဖို့အတွက် ၈ ဦးတစ်ဖြတ်စီ ပြန်လွတ်နေတယ်” ဦးမောင်ကျော်ဇံကပြောသည်။
လက်ရှိအချိန်တွင် တပ်မတော်မှ ထမင်းစားရန် ပြန်လွတ်လိုက်သူ ၈ ဦးထဲမှ မိန်းကလေး နှစ်ဦးနှင့် ယောကျာ်းလေးတစ်ဦးမှာ ပြန်မလာဘဲ ထွက်ပြေးတိမ်းရှောက်နေသော ကြောင့် ကျန်သည့် ကျေးရွာသားများအား ထမင်းစားမလွှတ်တော့ပဲ လက်ရှိအချိန်ထိ ကျေးရွာစာသင်ကျောင်းတွင် ဖမ်းဆီးစစ်ဆေးနေကြောင်းသိရသည်။
ယခုကဲ့သို့ ကံပြင်ကျေးရွာသားများအား ဖမ်းဆီးစစ်ဆေးနေခြင်းနှင့်ပတ်သတ်ပြီး ဘူသီးတောင်မြို့နယ်အုပ်ချုပ် ရေးမှူး ဦးကျော်မင်းထွန်းက " ဖမ်းဆီးတာတော ဟုတ်မယ်မထင်ဘူး။ ခေါ်ယူစစ်ဆေးတာတောဖြစ်နိုင်တယ် ကျွှန်တော်ဆီတော ဘာသတင်းမှ တက်မလာသေးပါဘူး ကံပြင်ကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးကလဲ့ ရှောင်တိမ်းနေတဲ့ကျေးရွာဖြစ်တယ်" လို့ ပြောသည်။
ဘူးသီးတောင်မြို့နယ်တွင်စစ်ဘေးရှောင်စခန်း ၁၂ ခုရှိပြီး စစ်ဘေးရှောင်ဦးရေ ၁၂၆၈၀ ထဲမှ လူဦးရေ ၉၀၀၀ ခန့်နေရပ်ပြန်သွားခြင်းကြောင့် လက်ရှိအချိန်တွင် စစ်ရှောင်ဦးရေ ၂၇၃၂ ဦးသာကျန်ရှိသည်။







