ရန်ကုန်-စစ်တွေကားလမ်းအနီးတွင် တိုက်ပွဲဖြစ်ပွားမှုရှိသောကြောင့် ခရီးသည်တင်ကားများ အခက်တွေ့

ရန်ကုန်-စစ်တွေကားလမ်းအနီးတွင် တိုက်ပွဲဖြစ်ပွားမှုရှိသောကြောင့် ခရီးသည်တင်ကားများ အခက်တွေ့

ဒီဇင်ဘာလ အစောပိုင်းက စတင်ဖြစ်ပွားလာသော မြန်မာ့တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲ သည် ယခုအခါ ရန်ကုန်-စစ်တွေကားလမ်းအနီးတို့တွင်ပင် ဖြစ်ပွားလာသဖြင့် စစ်တွေ-ကျောက်တော်- မြောက်ဦးတို့ကို ပြေးဆွဲနေသည့် ခရီးသည်တင်ကားများ အခက်အခဲဖြစ်နေကြသည်။

ကားလမ်းအနီးတို့တွင် တိုက်ပွဲဖြစ်ပွားသဖြင့် ကားပြေးဆွဲနိုင်ခြင်းမရှိသည့်အပြင် ကားပြေးဆွဲသော်လည်း ခရီးသည်များ မလိုက်ရဲသောကြောင့် ငွေကြေးအခက်အခဲများလည်း ဖြစ်ပေါ်စေသည်ဟု ကားသမားများက ပြောသည်။

“မြောက်ဦးလမ်းကြောင်းတွေမှာဆိုရင် တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ခရီးသည် (၅)ယောက်ရထားတယ်။ ကား ထွက်ချင်တယ်။ ကားသမားတွေက စွန့်လို့ထွက်မယ်။ ခရီးသည်တွေက မလိုက်ရဲကြဘူး။ အဲဒီလို နေ့တွေဆိုရင် ကားရပ်ထားရတာတွေလည်း များတယ် ” ဟု စစ်တွေ-မြောက်ဦး ကားပြေးဆွဲနေသူ ကိုဝင်းဇော်က ဆိုသည်။

ထို့အပြင် ရန်ကုန်-စစ်တွေကားလမ်းတွင် မိုင်းပေါက်ကွဲမှုများလည်း မကြာခဏဖြစ်ပေါ်နေသဖြင့် ခရီးသည် တင်ယာဉ်ပိုင်ရှင်များနှင့် ခရီးသည်များမှာ စိုးရိမ်နေကြသည်။ လမ်းတွင်လည်း တပ်မတော်က စစ်ဆေးမှုများရှိသဖြင့် စိုးရိမ်မှုများရှိသည်ဟု မြောက်ဦးမြို့က ခရီးသည်တစ်ဦးဖြစ်သူ ကိုထွန်းငြိမ်းက ပြောသည်။

“လမ်းမှာ စစ်သားတွေက စစ်ဆေးတာကြောင့် ကြောက်လန့်စိတ်နဲ့ပြန်ရတယ်။ အရင်နှစ်တွေကဆိုရင် ညနေ (၄) နာရီကျော်မှာ ပြန်လို့ရတယ်။ အခုတော့ (၃)နာရီဆိုရင်မသွားရဲကြတော့ဘူး”ဟု ၎င်းက ဆိုသည်။

ယခင်က စစ်တွေမှ မြောက်ဦးသို့ ပြေးဆွဲသည့် ခရီးသည်တင်ကားများသည် ညနေ (၆)နာရီအချိန်ခန့်တွင် မြောက်ဦးသို့ ပြန်ကြသော်လည်း ယခု နယ်မြေတည်ငြိမ်မှုမရှိသောကြောင့် ညနေ (၃)နာရီ နောက်ဆုံးထား၍ ပြန်ကြရသည်ဟု ခရီးသည်တင် ကားသမားများထံက သိရသည်။

တိုက်ပွဲမဖြစ်ပွားသည့် ကာလတွင် မြောက်ဦးမှ စစ်တွေမြို့သို့ ပြေးဆွဲနေသည့် ကား (၁၀)ကျော်ရှိခဲ့သည်။ သို့သော်လည်း ယခုအခါ တိုက်ပွဲများ၊ မိုင်းပေါက်ကွဲမှုများ ဖြစ်ပေါ်နေသဖြင့် စုစုပေါင်း ကား(၅)စီးခန့်သာ ပြေးဆွဲနေကြောင်း သိရသည်။

ပြီးခဲ့သည့် မေလအတွင်းတွင်လည်း မြေပုံမြို့နယ်၊ကြာအင်းတောင်ကျေးရွာအလွန်၌ ခရီးသည်တင်ကားတစ် စီးကို မိုင်းထိမှန်ခဲ့သည်။ သို့သော် ခရီးသည်များ တစ်စုံတစ်ရာ ထိခိုက်မှုများမရှိခဲ့ပေ။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...