အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှတဆင့် မြန်မာနိုင်ငံသို့ ခိုးဝင်လာသော ရိုဟင်ဂျာမူစလင် လေးဦးကို ချင်းပြည်နယ် ရိခေါဒါရ်မြို့အမှတ်(၂) ရပ်ကွက်တွင် ယနေ့နံနက်ပိုင်းက ဖမ်းဆီးရမိသည်ဟု ရိမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ပြန်/ဆက်) ဦးစီးမှူး ဦးလာလ်ပက်လောမ်မာထံမှသိရသည်။
“ရိအမှတ် (၂) ရက်ကွက်မှာပေါ့နော်ဖမ်းတာ ရဲမှတ်တမ်းအရတော့ မနက် (၄) နာရီလောက်ကဖမ်းတာ သူတို့ကနယ်စပ်ချောင်းကနေခိုးဝင်လာတာပေါ့နော် သူတို့ကို အခု ရိ ရဲ စခန်းမှာထိန်းသိမ်းထားတယ် ဖလမ်းဖက်ကိုပို့ရမှာပေါ့နော် သူတို့မှာ အထောက်အထားဘာမှမရှိဘူးလို့သိရတယ် သူတို့က ရခိုင်ပြည်မှာနေတယ်လို့သိရတယ်” ဟု ပြန်ဆက်ဦးစီးမှူးကပြောသည်။
ယနေ့နံနက်ပိုင်းက ရိခေါဒါရ်မြို့ အမှတ် (၁) ရပ်ကွက်မှ အမှတ် (၂) ရပ်ကွက်ဘက်သို့ မောင်စွမ်းခိုင် နှင့် ယာဉ်နောက်လိုက် ဦးကပ်ခန့်ကိန်းတို့မောင်းနှင်လာသော ကားတစ်စီးကို ရိခေါ်ဒါရ်မြို့နယ်မြေအတွင်း ရဲစခန်းမှူး ရဲအုပ်အောင်ဆန်းလင်းနှင့် ပူးပေါင်စစ်ဆေးရေးအဖွဲ့မှ ရပ်တန့်စစ်ဆေးခဲ့ရာတွင် ကားပေါသို့ ရိုဟင်ဂျာမူစလင် အမျိူးသား (၃) ဦးနှင့် အမျိူးသမီး(၁) တို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
၎င်းတို့သည် ရခိုင်ပြည်နယ်မှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ပါယူခါလီ ဒုက္ခသည်စခန်းသို့ နေထိုင်သူများဖြစ်ကြပြီး ထိုမှ တစ်ဆင့် ကောဘဇာမြို့သို့လည်းကောင်း ထိုနောက် အိန္ဒိယနိုင်ငံ Silchar သို့လည်းကောင်း၊ ထိုမှတစ်ဆင့် မီဇိုရမ် ပြည်နယ်၊ အိုင်ဇောလ်မြို့သို့ လည်းကောင်း၊ အိုင်ဇောလ်မြို့မှ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ် (အိန္ဒိယဘက်ခြမ်း) ဇိုခေါထာရ်ကျေးရွာသို့လည်းကောင်း အဆင့်ဆင့် လာရောက်ခြင်းဖြစ်ပြီး ဇိုခေါထာရ်ကျေးရွာမှ တစ်ဆင့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ် နယ်နိမိတ်ချောင်းအား တရားမဝင် ဖြတ်ကျော်ပြီး မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း စစ်ဆေးချက်အရသိရသည်။
အဆိုပါ ရိုဟင်ဂျာမူစလင် ၄ ဦးနှင့် အတူယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို ဥပဒေအရ အရေးယူပေးဆောင်ရွက်ပေးနိင်ရန် လဝကပုဒ်မ-၁၃(၁)/၁၃(၅)ဖြင့် အမှုဖွင့်လှစ်ပြီး ဒုရဲအုပ်ကောင်းမြတ်ဇော်မှ အမှုစစ်အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။







