ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (Arakan Army) မှ ဘင်္ဂလားဒေရှ့်နယ်စပ်ဘက်သို့ ဖမ်းဆီးခေါ်သွားသော ကင်းတလင်းရွာသား (၅၂) ဦးထဲမှ (၁၂) ဦး သည် ထွက်ပြေးလွတ်မြောက်လာကြသည်ဟု သိရသည်။
ယခုထွက်ပြေးလွတ်မြောက်လာသည့် (၁၂) ဦးထဲတွင် အမျိူးသား(၃) ဦး၊ အမျိူးသမီး( ၃) ဦးနှင့် အသက် (၁၃) နှစ်အောက် ကလေးငယ် (၆) ဦးပါဝင်ပြီး ပလက်ဝမြို့နယ် မီးဇာကျေးရွာသို့ ဇွန်လ ၂၆ ရက်နေ့က ရောက်ရှိလာကြသည်ဟု မီးဇာကျေးရွတွင် စစ်ဘေးရှောင်ခိုလုံနေသော ကင်းတလင်းရွာ လူကြီးတစ်ဦးကပြောသည်။
“ အခုလောလောဆယ်တော့ ကျနော်တို့ကင်းတလင်းစစ်ဘေးရှောင်စခန်းမှာ ရှိတဲ့ သူတို့ဆွေမျိူး တွေနဲ့ပေါင်းနေကြတယ်၊ တချိူ့ကျတော့ သူတို့မိသားစုတွေနဲ့နေနေကြတယ်’’ ဟု အဆိုပါရွာ လူကြီးကပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့က မြန်မာ့တပ်မတော်နှင့် အေအေတပ်ဖွဲ့တို့ ကင်းတလင်း ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားကာ အေအေ တပ်ဖွဲ့က ကင်းတလင်းရွာသား ၅၂ ရောက်ကို ဘင်္ဂလားဒေရှ့်နယ်စပ်ဘက်သို့ ဖမ်းခေါ်သွားခြင်းဖြစ်သည်။
ယင်းတို့အထဲမှ ရွာသား ၁၂ ဦးသည် ဇွန်လ ၂၀ ဝန်းကျင်းခန့်က အေအေ တပ်စခန်းမှထွက်ပြေးလာပြီး ဇွန်လ ၂၆ ရက်နေ့တွင် ကင်းတလင်းစစ်ရှောင် စခန်းသို့ ရောက်ရှိခဲ့ကြခြင်းဖြစ်သည်။
ယခုလက်ရှိတွင် ကင်းတလင်းရွာသား (၃၉) ဦးသည် အေအေ တပ်မဟာ (၃) စခန်းတွင် ကျန်ရှိနေေ သးပြီး ယင်းတို့အထဲမှ အမျိူးသမီးတစ်ဦးတော့ သေဆုံးသွားသည်ဟု ထွက်ပြေးလာသူများကြေ ပာဆိုကြောင်း အဆိုပါရွာလူကြီးတစ်ဦးကပြောသည်။
“သူတို့ပြောပြချက်အရတော့ အေအေ စခန်းမှာနေတဲ့အချိန်မှာ နေ့တိုင်းအလုပ်လုပ်ရတယ်ပြောတယ်၊ ရိက္ခာတွေထမ်းခိုင်းတယ်၊ သစ်လုံးတွေထမ်းခိုင်းတယ်၊ တောင်ယာတွေလုပ်ခိုင်းတယ်လို့သိရတယ်၊ အစားအသောက်လည်းအဆင်မပြေဘူးလို့ပြောတယ်’’ ဟု ရွာလူကြီးကဆက်ပြောသည်။
ပလက်ဝမြို့နယ် မီးဇာကျေးရွာသည် စစ်ဘေးရှောင်ပြည်သူများသွားရောက် ခိုလုံသည့်ကျေးရွာဖြစ်ပြီး ယခုလက်ရှိတွင် ကင်းတလင်း၊ ကုန်ပြင်၊ ပြည်တောင်၊ ယင်ခံ၀ နှင့် ဆတ်လိုင်၀ စသည့်ကျေးရွာမှ စစ်ဘေးရှောင်ပြည်သူ ၆၀၀ ကျော်နေထိုင်ကြသည်။
ကင်းတလင်းရွာသား ၅၂ ဦး ဖမ်းဆီးခေါ်ဆောင်သွားသည်ဆိုသည့်ကိစ္စနှင့်ပတ်သက်၍ အေအေတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ အေအေ အနေနဲ့ဖမ်းဆီးခြင်းမဟုတ်ဘဲ တိုက်ပွဲအတွင်း ပိတ်မိလို့ ကယ်ထုတ်ခြင်းသာဖြစ်ကြောင်း ၎င်းတို့ကို ဖမ်းဆီးထိန်းချူပ်ခြင်းမရှိကြောင်း ခိုနူမ်းသုန်သတင်းဌာနကို ယခင်ကပြေဆိုခဲ့သည်။







