တိုက်ပွဲများကြောင့် စစ်ဘေးရှောင်များ ခိုလှုံနေသည့် ရခိုင်ပြည်နယ်က မြို့နယ်များကို အစိုးရက အင်တာနက်ဖြတ်တောက်ထားသောကြောင့် စစ်ဘေးရှောင်များ၏ စားဝတ်နေရေးအပေါ် ရိုက်ခတ်မှုများ ရှိလာသည်ဟု ကူညီကယ်ဆယ်ရေး ပြုလုပ်နေသူများက ပြောကြသည်။
စစ်ဘေးရှောင်စခန်းများတွင် စားနပ်ရိက္ခာ ပြတ်လပ်နေမှုများနှင့် တခြား ကယ်ဆယ်ရေးပစ္စည်းများ လိုအပ်ချက် ရှိနေခြင်းတို့ကို ယခင်က Facebook စာမျက်နှာ အသီးသီးတွင် ဓာတ်ပုံများနှင့်တကွ တင်ပြနိုင်သောကြောင့် ကယ်ဆယ်ရေးပစ္စည်းများ ချက်ချင်းရောက်လာကြသည်။ သို့သော် ယခု အင်တာနက်သုံးစွဲခွင့် ပိတ်ပင်ခံလိုက်ရသဖြင့် စစ်ဘေးရှောင်များ၏ လိုအပ်ချက်များကို အများပြည်သူသိအောင် သတင်းပေးနိုင်ခြင်း မရှိတော့ဟု ကူညီကယ်ဆယ်ရေး ပြုလုပ် ပေးနေသူများက ဆိုကြသည်။
“ရခိုင်မှာရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက အွန်လိုင်းကပဲ အလှူခံပြီး လုပ်နေရတဲ့အတွက် အလှူရှင်တွေနဲ့ ဒီ ပရဟိတလုပ်နေတဲ့ အဖွဲ့တွေနဲ့ ပြတ်တောက်သွားတာကြောင့် ဒုက္ခသည်တွေအတွက် အများကြီး ရိုက်ခတ်လာနိုင်တယ်။ အမြန်ဆုံး အင်တာနက်ကို ဖွင့်ပေးစေချင်ပါ တယ် ”ဟု ပိုးရွှီပြင် မဟာမိတ် လူမူကူညီရေးအသင်းမှ ပြောခွင့်ရသူ ကိုအောင်ကျော်က ပြောသည်။
ယခု လတ်တလောတွင် အင်တာနက်ဖြတ်ထားမှု အကျိုးဆက်ကို ခံစားရသည့် စစ်ဘေးရှောင် စခန်းတစ်ခုရှိနေသည်။ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာ ရွှေဖောင်တင် စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာ ပြတ်တောက်သွားပြီဖြစ်သော်လည်း လူမှုကွန်ရက်စာမျက်နှာတွင် သတင်းများ မတင်ပေးနိုင်သဖြင့် ကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိမှု နှောင့်နှေးကြန့်ကြာခဲ့သည်ဟု အဆိုပါ စခန်းက သိရသည်။
“ကျွန်တော်တို့အခက်အခဲတွေကို လိုင်းပေါ်မှာတင်ပေးမှ အလှူရှင်တွေသိတယ်။ အင်တာနက် သုံးမရတော့ တော်တော်လေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်”ဟု ရွှေဖောင်တင် စစ်ဘေးရှောင် စခန်းတာဝန်ခံ ဦးမျိုးခိုင်ထွန်းက ပြောသည်။
မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများဖြစ်ပွားနေသော ရခိုင်ပြည်နယ်အတွင်းက မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ပုဏ္ဏားကျွန်းနှင့် ချင်းပြည်နယ်က ပလက်ဝမြို့နယ်တို့တွင် ဇွန်လ ၂၁ ရက်နေ့က စတင်ပြီး အင်တာနက်သုံးစွဲခွင့် ပိတ်ပင်ထားသည်။
ထိုသို့ ပိတ်ပင်ထားမှုကြောင့် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအတွက် လွန်စွာ ဆိုးကျိုးသက်ရောက်မှု ဖြစ်ပေါ်စေသဖြင့်
အင်တာနက်ဖြတ်တောက်မှုကို ချက်ချင်းရပ်တန့်ရန် ရခိုင်ပြည်နယ်လွှတ်တော်က တောင်းဆိုထားသည်။ အလားတူ နိုင်ငံတကာနှင့် လူ့အခွင့်အရေးလှုပ်ရှားသည့် အဖွဲ့အစည်းများကလည်း တောင်းဆိုထားကြသည်။







