ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်မတော်AAနှင့် မြန်မာတပ်မတော် တို့အကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ပြည်သူများ၏ လူ့အခွင့်ရေးချိုးဖောက် ခံရမှုများကို သက်ဆိုင်ရာ အဖွဲ့အစည်းများမှ သိရှိစေရန် ရန်ကုန်မြို့ရောက်ချင်းပြည်သူများ မှ ဇွန်လိုင်လ (၁၃)ရက်နေ့တွင် ဆန္ဒဖော်ထုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဆန္ဒပြရန် ဦးဆောင်သူတစ်ဦးဖြစ်သူ ဆလိုင်း Ceu Bik Thawng က“ပလက်ဝနဲ့ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေ သူတို့ဒေသဖက်မှာ ဖြစ်နေတဲ့AAနဲ့ အစိုးရတပ်မတော် ပစ်ခက်တိုက်ခိုက်မှုတွေ အမြန်ဆုံးရပ်တန့်နိုင်ရေး နောက်ပြီး အဲဒီမှာရှိတဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုတွေ အားလုံးရပ်တန့်ပြီး လူသားချင်းကူညီမှု အပြည့်အဝရရှိရေး စစ်ဘေးဒုက္ခသည် တွေရဲ့အသက်အိုးအိမ် ဆုံးရှုံးမှုအားလုံး ဒီဟာတွေနဲ့ အဓိကပက်သက်နေတဲ့ AAနဲ့ အစိုးရတပ်မတော်ရဲ့အကြား တာဝန်ရှိနေတဲ့ ပုဂ္ဂိုလ်တွေသိရှိနိုင်ဖို့နဲ့ ထို့အတူဘဲ ဒီစစ်ဘေးရှောင်တွေကို ကူညီနေတဲ့ နိုင်ငံတကာက အလှူရှင်များအပါဝင် ကျန်တဲ့ပါဝင်ပက်သက်တဲ့ သူတွေအားလုံးသိရှိနိုင်ဖို့ ပကတိအနေထားကို တာဝန်ရှိသူတွေ သိရှိပြီးတော့ သူတို့ဆောင်ရွက်စရာရှိတာကို လိုက်နာဆောင်ရွက်နိုင်ဖို့ပါ”ဟုပြောသည်။
ချင်းပြည်နယ် ပလက်ဝမြို့၏ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထိခိုက်ပျက်စီးစေသည့် ပစ်ခတ်တိုက်ခိုက်မှုများ အပြစ်မဲ့ ချင်းအရပ်သားပြည်သူများ အပေါ် နည်းမျိုးစုံဖြင့် လူ့အခွင့်ရေးချိုးဖောက်နေမှုများကို ရပ်တန့်စေရန် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် သွားမည်ဖြစ်သောကြောင့် ရန်ကုန်မြို့တွင်ရှိသော အနယ်နယ်အရပ်ရပ်မှ ချင်းပြည်သူများ ပါဝင်ပေးရန်လည်း ဆလိုင်း Ceu Bik Thawng ကပြောသည်။
ရက္ခိုင့်တပ်မတော်AAနှင့် မြန်မာ့တပ်မတော်အကြား တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများအပါဝင် ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ပြည်သူများလည်း ထိခိုက်ခံစားရလျက်ရှိပြီး ၂၀၁၅ ခုနှစ် မတ်လမှ ယနေ့အချိန်ထိ ပလက်ဝမြို့နယ်တွင် လူဦးရေလေးသောင်းထောင်ခန့်နှင့် ရခိုင်ပြည်နယ်တွင် လူဦးရေ လေးသောင်းကျော်သည် စစ်ဘေးဒုက္ခသည်များအဖြစ် မိမိတို့ရပ်ရွာနေအိမ်များမှ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ဘေးသင့် ချင်းတိုင်းရင်းသားများနှင့် ပက်သက်၍ ဇွန်လ (၂၇)ရက်နေ့တွင် ချင်းအဖွဲ့အစည်း ၂၆ခု၏ ပူးတွဲထုတ်ပြန်သော ထုတ်ပြန်ချက် အရသိရှိရသည်။
မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ဒုက္ခရောက်နေရသော ချင်းပြည်နယ်၊ ပလက်ဝနှင့် ရခိုင်ပြည်နယ်ရှိ စစ်ဘေးသင့်ချင်းတိုင်းရင်းသားများအရေးကိစ္စနှင့် ပတ်သက်၍ ဇွန်လ (၂၇) ရက်နေ့တွင် ရန်ကုန်ရှိ မြန်မာဂျာနယ်လစ်ကွန်ယက်ရုံး၌ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ရာ ပြည်တွင်းပြည်ပ ချင်းအဖွဲ့အစည်း (၂၆) ခု ပါဝင်ပြီးမှ အချက် (၈) ချက်ပါသဘောထားထုတ်ပြန်ချက်နှင့် တောင်းဆိုချက် (၈) ချက် ထုတ်ဝေခဲ့အကြောင်းသိရသည်။







