ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/CPA) က ဒေသခံများ၏ သဘောထား ဆန္ဒမပါဘဲ စစ်ဆေးရေးဂိတ် ဆောက်လုပ်ခဲ့သဖြင့် ဒေသခံများက ကန့်ကွက် ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
အဆိုပါ ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုကို ဩဂုတ်လ ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
မတူပီမြို့နယ်တွင် နေထိုင်သည့် ဒေသခံတစ်ဦးက “CPA တွေဘက်က ရွာအတွင်း ဂိတ်ချတယ်လို့တော့ သတင်း ရတယ် လိုင်းပေါ်မှာ တွေ့ရတဲ့ ဒေသခံတွေ ဆန္ဒပြတာနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်မသိရသေးဘူး။ အဓိက တော့ ဂိတ်ချတာကို ကန့်ကွက်တာဖြစ်ဖို့များပါတယ်” ဟု ပြောသည်။
ဒေသခံများ ဆန္ဒပြသည့် ရုပ်သံဖိုင်တွင် “လေဆင်းရွာထဲ CPA က ဂိတ်ဆောက်လုပ်ခြင်းကို သဘောမတူဘူး သဘောမတူဘူး” စသည့် ကြွေးကြော်သံများဖြင့် ကျေးရွာအတွင်း လှည့်လည် ဆန္ဒဖော်ထုတ်နေကြသည်ကို တွေ့ရသည်။
ထို့ပြင် လမ်းပေါ်တွင် ဝါးဖြင့် ဆောက်လုပ်ထားသည့် ဂိတ်အချို့ကိုလည်း ဆန္ဒပြ ဒေသခံများက ဖျက်ဆီးခဲ့ကြ သည်။
လေဆင်းကျေးရွာအတွင်း ဒေသခံများ ယခုကဲ့သို့ ဆန္ဒဖော်ထုတ်မှုနှင့် ပတ်သက်၍ CPU/CPA အဖွဲ့ဝင် ဒေသ တွင်း လက်နက်ကိုင် အဖွဲ့အစည်းများထံ Chin World သတင်းဌာနမှ ဆက်သွယ်ထားသော်လည်း လက်ရှိအချိန် ထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
ချင်းပြည်သူ့အစည်းအရုံး / ချင်းပြည်သူ့တပ်မတော် (CPU/CPA) သည် မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ဒိုင်ရ် ဒေသတို့မှ ချင်းလက်နက်ကိုင် အဖွဲ့အစည်းများကို စုစည်းထားသည့် အဖွဲ့ဖြစ်ပြီး ချင်းညီနောင် (CB) ၏ အဖွဲ့ဝင် လည်း ဖြစ်သည်။







