ကြိုတင်အသိပေးခြင်းမရှိဘဲ ရခိုင်နှင့် ချင်းပြည်နယ်ရှိ မြို့နယ် (၉)မြို့နယ်တွင် အင်တာနက်ဖြတ်တောက်ခြင်းမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်း အချက်အလက်ရရှိပိုင်ခွင့် ချိုးဖောက်ရာရောက်ကြောင်း ကြေညာချက်ထုတ်ပြန်

ကြိုတင်အသိပေးခြင်းမရှိဘဲ ရခိုင်နှင့် ချင်းပြည်နယ်ရှိ မြို့နယ် (၉)မြို့နယ်တွင် အင်တာနက်ဖြတ်တောက်ခြင်းမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်း အချက်အလက်ရရှိပိုင်ခွင့် ချိုးဖောက်ရာရောက်ကြောင်း ကြေညာချက်ထုတ်ပြန်

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ် (၉)မြို့နယ်တွင် ကြိုတင်အသိပေးခြင်းမရှိဘဲ အင်တာနက်ဖြတ်တောက်ခြင်းမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက်ရရှိပိုင်ခွင့်ကို ချိုးဖောက်ရာရောက်ကြောင်း ဒစ်ဂျစ်တယ်အခွင့်အရေးလှုပ်ရှားဆောင်ရွက်နေကြသော အဖွဲ့အစည်းများနှင့် အခြားအရပ်ဖက်အဖွဲ့အစည်းများမှ ဇွန်လ ၂၄ ရက်နေ့တွင် ထုတ်ဖော်ကြေညာခဲ့သည်။  

အဆိုပါထုတ်ပြန်ကြေညာချက်တွင် အစိုးရတိုင်းတွင် ပြည်သူလူထု၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်း အချက်အလက်ရရှိပိုင်ခွင့်ကို မြှင့်တင်ကာကွယ်ပေးရန် တာဝန်ရှိပြီး ဒီမိုကရေစီနည်းလမ်းအရ ရွေးကောက်သည့် အစိုးရဆိုလျင် ပို၍ပင် တာဝန်ရှိကြောင်း သို့သော်လည်း အများပြည်သူအား ကြိုတင်အသိပေးခြင်းမရှိဘဲ ရခိုင်နှင့် ချင်းပြည်နယ်များရှိ မြို့နယ် (၉) မြို့နယ်တွင် အင်တာနက်ဖြတ်တောက်ရန် ဆုံးဖြတ်ခြင်းသည် အဆိုပါ လူ့အခွင့်အရေးများကို ချိုးဖောက်ရာ ရောက်ပြီး မြန်မာနိုင်ငံရှိ အင်တာနက် အသုံးပြုသူ သန်းပေါင်းများစွာအတွက် စိုးရိမ်စရာဖြစ်သလို၊ ကျွန်ုပ်တို့အဖွဲ့အစည်းများကလည်း လွန်စွာစိုးရိမ်မိသည့် ကိစ္စရပ်ဖြစ်ကြောင်း ရေးသားထားသည်။

ဇွန်လ ၂၀ ရက်နေ့က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ပြည်တွင်းရှိ မိုဘိုင်းဖုန်း ဆက်သွယ်ရေးလုပ်ငန်းများဖြစ်သည့် MPT ၊ Mytel ၊ Telenor နှင့် Ooredoo သို့ ပေးပို့ကာ ဇွန် ၂၁ ရက်နေ့ ည ၁၀ နာရီမှစ၍ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များရှိ ပဋိပက္ခဖြစ်ပွားနေသော မြို့နယ်များတွင် အင်တာနက်ဆက်သွယ်မှုဖြတ်တောက်ရန် အမိန့်တစ်ရပ်ကို ပြည်တွင်းရှိ မိုဘိုင်းဖုန်း ဆက်သွယ်ရေးလုပ်ငန်းများအား ပေးပို့ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အင်တာနက်လိုင်း ပိတ်ထားမှုနှင့် ပတ်သတ်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက အဆိုပါ အမိန့်ကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ (၇၇) အရ “အများပြည်သူလုံခြုံရေးအခြေအနေအရ တည်ငြိမ် အေးချမ်းမှုပျက်တယ်၊ တရားဥပဒေစိုးမိုးမှု မကောင်းဘူးဖြစ်နေတဲ့ အခြေအနေပေါ်မူတည်ပြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ လုပ်ဆောင်ခြင်းဖြစ်ပါတယ်” ဟု ပြည်တွင်းမီဒီယာတစ်ခုအား ဖြေကြားထားသည်ကို တွေ့ရပြီး၊ အင်တာနက်ဝန်ဆောင်မှု ဖြတ်တောက်မှုကို ပြန်လည်ဖွင့်ပေးမည့် အချိန်ကိုမူ မသိရသေးကြောင်း ပြောကြားထားသည်။

ထုတ်ပြန်ချက်ထဲတွင် အဆိုပါဒေသသည် ပြည်တွင်း၊ ပြည်ပမီဒီယာများဝင်ရောက် သတင်းရယူခွင့်နှင့် လူသားချင်း စာနာသည့် အထောက်အပံ့ပေးသည့်အဖွဲ့အစည်းများ ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားသည့် ဒေသ ဖြစ်ပြီး ယခုကဲ့သို့ အင်တာနက် ဖြတ်တောက်ခြင်းသည် လက်နက်ကိုင် ပဋိပက္ခများနှင့် ၎င်းတို့၏ ဒေသခံပြည်သူများအပေါ် ထိခိုက်မှုများနှင့် ပတ်သက်၍ သတင်းအချက်အလက်ရ ယူနိုင်မှုကို ပို၍ ထိခိုက်စေပါကြောင်း သို့ဖြစ်ရာ ဒေသခံပြည်သူများ၏ လုံခြုံရေးအတွက် အစိုးရက ကာကွယ်ပေးနိုင်မှု စွမ်းရည်ကျဆင်းနိုင်သည်ဖြစ်ရာ ကျွန်ုပ်တို့၏ စိုးရိမ်ပူပန်မှုများကို ပို၍ တိုးလာစေကြောင်း ရေးသားထားသည်။

 Facebook စာမျက်နှာသို့ ဆက်သွယ်နိုင်မှုအပါအဝင် အင်တာနက်ဆက်သွယ်မှု ကို ဖြတ်တောက်ခြင်းသည် အရေးပေါ်ဝန်ဆောင်မှုလုပ်ငန်းများအတွက် ဒေသခံပြည်သူများအား ဆက်သွယ်နိုင်မှုနှင့် ၎င်းတို့ရှိသည့် နေရာများကို သိနိုင်စေမှုတို့ကို ထိခိုက်စေသည်။ ထို့အပြင် သက်ဆိုင်ရာတာဝန်ရှိသူများက လူအများအား လုံခြုံရာသို့ ရွှေ့ပြောင်းနိုင်ရေးအတွက် အရေးကြီးသည့် သတင်းအချက်အလက်များဖြန့်ဝေရာတွင်အခက်အခဲဖြစ်နိုင်သည်ကို တွေ့ရသည်။ ထို့အပြင် ဒေသခံပြည်သူများ၏ အခွင့်အရေးအရေး ကာကွယ်နိုင်ရန်အတွက် သက်ဆိုင်ရာ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များအပါအဝင်၊ လူ့အခွင့်အရေး ကာကွယ်သူများနှင့် မီဒီယာများသို့ သတင်းပေးပို့ ဖလှယ်နိုင်မှု ထိခိုက်စေပါသည်။

အင်တာနက်ဆက်သွယ်မှုဖြတ်တောက်ခံရသော မြို့နယ်များမှာ ရခိုင်ပြည်နယ်ရှိ မြို့နယ် (၈) မြို့နယ် (ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မောင်းတော၊ ဘူးသီးတောင်) နှင့် ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်များဖြစ်ပြီး တယ်လီဖုန်းခေါ်ဆိုခြင်း နှင့် စာတို (sms) ပေးပို့သည့် ဝန်ဆောင်မှုများသာ အသုံးပြုနိုင်ကြောင်း သိရပြီး အဆိုပါ ၉ မြို့နယ်တွင် သန်းခေါင်စာရင်းအရ လူဦးရေ တစ်သန်းကျော် နေထိုင်ကြောင်း သိရသည်။

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...