မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို ဇွန်လ ၁၈ ရက်နေ့၊ ညနေ ၈ နာရီ ခန့်တွင် အမည်မသိလူတစ်ဦးက အိမ်ထဲသို့ ဝင်ရောက်၍ သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့သောကြောင့် သေဆုံးသွားသည်။
သေဆုံးသူမှာ အလယ်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းမောင်ချေ ဆိုသူဖြစ်ပြီး အိမ်တွင်တီဗွီကြည့်နေစဉ် ပစ်သတ်ခံရခြင်းဖြစ်သည်။ ပစ်ခတ်မှုကြောင့် ညာဘက်မျက်လုံးအောက်တွင် ဒဏ်ရာရရှိသွားသဖြင့် ဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်နေစဉ် သေဆုံးသွားခြင်းဟု သမီးဖြစ်သူ မအိသန္ဒာအောင်က ပြောသည်။
“(သေနတ်သမားကို) လူကိုကြည့်လိုက်တဲ့အချိန်မှာ လူကဝဝတုတ်တုတ်၊ ဗလတောင့်တောင့်နဲ့၊ မိုးကာအင်္ကျီဝတ်ပြီးတော့ ခေါင်းဆောင်းထားတယ်။ ကြည့်လိုက်တဲ့အချိန်မှာပဲ လက်ထဲက သေနတ်ထုတ်တာ။ သေနတ်ထုတ်တာကိုတွေ့လို့ အမေက အော်လိုက်တဲ့အချိန်မှာပဲ သေနတ်နဲ့ပစ်တဲ့သူက နားထင်ကိုပစ်တာပါ။ သမီးအမေက အော်လိုက်တော့ အဖေက လှည့်ကြည့်လိုက်တဲ့အချိန်မှာ ညာဖက်မျက်နှာအောက်ကို ထိသွားတယ်” ဟု ၎င်းက ဆိုသည်။
သေဆုံးသူမှာ တပ်မတော်ဆေးတပ်တွင် တပ်ကြပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အငြိမ်းစားယူကာ အလယ်ပိုင်းအုပ်ချုပ်ရေးမှူးတာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူးများ၊ အုပ်ချုပ်ရေးမှူးဟောင်းများနှင့် တခြားအရပ်သားပြည်သူများလည်း မကြာခဏသေဆုံးမှုများရှိနေသည်။ သို့သော် မည်သူပစ်ခတ်သည်ကို ဖော်ထုတ်နိုင်ခြင်းမရှိပေ။







