ချင်းပြည်နယ်အစိုးရအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ မီဒီယာများကို မေးခွန်းကြိုပို့ခိုင်း

ချင်းပြည်နယ်အစိုးရအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ မီဒီယာများကို မေးခွန်းကြိုပို့ခိုင်း

ချင်းပြည်နယ်အစိုးရအဖွဲ့၏ တတိယ(၁) နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို လာမည့်ဇွန်လ (၂၄) ရက်နေ့တွင် ဟားခါးမြို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး သတင်းသွားယူမည့် မီဒီယာများကို မေးခွန်းကြိုပို့ခိုင်းသည်။

ယင်းသတင်းစာရှင်းလင်းပွဲတွင် မီဒီယာ(၁)ဖွဲ့လျှင် မေးခွန်းအများဆုံး(၃) ခုသာမေးမြန်းခွင့်ရှိပြီး မေးမြန်းမည့် မေးခွန်များကို ချင်းပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ပြန်/ဆက်) သို့ ဇွန်လ ၁၇ ရက်နေ့နောက်ဆုံးထားပြီး ကြိုတင် ပေးပို့ရမည်ဟု အစိုးရအဖွဲ့၏ ဖိတ်ကြားစာတွင်ဖော်ပြထားသည်။

ဟားခါးမြို့အခြေစိုက် The Hakha Post သတင်းဌာနမှ အယ်ဒီတာချူပ် ကိုပါပွီးကတော့ အစိုးရအနေနဲ့ သတင်းစာရှင်းလင်းပွဲများပြုလုပ်ပေးသည့်အပေါ် ကြိုဆိုသော်လည်း ယခုကဲ့သို့ မေးခွန်းကြိုတောင်းခြင်းသည် မလုပ်သင့်ကြောင်း ပွင့်လင်းမြင်သာစွာလုပ်ဆောင်သင့်သည်ဟု သုံးသပ်ပြောဆိုပါသည်။

“ ဒီဟာက သတင်းစာရှင်းလင်းပေးတာလုပ်ပေးတာတော့ ကျနော်တို့ မီဒီယာအနေနဲ့ ကြိုဆိုပါတယ် ဒါပေမဲ့ သူတို့ သတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုရင် ဖြစ်နိုင်ရင် ဒီလိုမျိုး ကြိုတင်မေးခွန်းမတောင်းသင့်ဘူးလို့ ကျနော်ထင်ပါတယ် သတင်းစာရှင်းလင်းပွဲဆိုတာက သူတို့ဖက်က ပွင့်လင်းမြင်သာမှုရှိတဲ့ အပိုင်းကိုသူတို့ဖော်ပြသင့်တယ်ပေါ့ အဲဒါကိုဖော်ပြတဲ့အနေနဲ့ ဒီလိုမျိုးမေးခွန်းတွေကို ကြိုတင်မတောင်းဘဲနဲ့ မီဒီယာတွေရှေ့မှာပေါ့နော် ပွင့်လင်းမြင်သာစွာ သူတို့ရဲ့ အဖြစ်မှန်ကို ပွင့်လင်းမှုနဲ့ဖြစ်စေချင်တယ် ပြီးတော့ ကျနော်တို့မီဒီယာအနေနဲ့လည်း မေးခွန်းကြိုမေးတာတော့ ကျနော်တို့မီဒီယာအလေ့အထမဟုတ်ပါဘူး အဲဒါကြောင့် ဒီတစ်ခေါက် ချင်းပြည်နယ်အစိုးရအနေနဲ့ သတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုရင် မီဒီယာတွေကို မေးခွန်းကြိုမတောင်းပဲနဲ့ လွတ်လွတ်လပ်လပ်နဲ့ သူတို့ သတင်းစာရှင်းလင်းပွဲလုပ်ရင်တော့ ကောင်းမယ်လို့ ကျနော်ထင်တယ်” ဟု The Hakha Post အယ်ဒီတာချူပ်က ပြောသည်။

ချင်းပြည်နယ်အစိုးရပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲသည် ပွင့်လင်းမြင်သာပြီး လွတ်လွတ်လပ်လပ်မေးခွန်း မေးမြန်းခွင့်ရှိပါက The Hakha Post အနေနဲ့တက်ရောက်မည်ဖြစ်ပြီး ထိုကဲ့သို့ မဟုတ်ပါက တက်ရောက်ရန်ဆန္ဒမရှိကြောင်း ကိုပါပွီးကဆက်ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ မြန်မာသတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး (၁) ကိုမြင့်ကျော်က “စီးပွားရေး ကိန်းဂဏန်းတွေ ဖွံ့ဖြိုးရေး ကိန်းဂဏန်းတွေ စသဖြင့် တချို့သော အချက်အလက် ပြင်ဆင်ထားဖို့ လိုတယ်ဆိုရင်တော့ မေးခွန်းကြိုပေးတာ နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီမေးခွန်းကလွဲရင် တခြား မမေးရဘူးလို့ ကန့်သတ်ရင်တော့ ထိန်းချုပ်တဲ့သဘောဖြစ်သွားတယ်လို့ မြင်တယ်။ အစိုးရအဖွဲ့အနေနဲ့ ဘာအကြောင်းလုပ်မှာလဲဆိုတာ သတ်မှတ်ထားရင်တော့ မေးခွန်းကြိုပို့ဖို့ တောင်းစရာမ လို ဘူး’’ ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုးထက်ကတော့ ယခုကဲ့သို့ မေးခွန်းကြိုတောင်းရခြင်းမှာ ကိန်းဂဏာန်း အချက်အလက်များကိုဖြေကြားရာတွင် တိတိကျကျဖြစ်စေရန်အတွက်ဖြစ်သည်ဟု ပြောဆိုပါသည်။

“အဲဒါတော့ ဖြေတဲ့နေရာမှာတိတိကျကျလေးဖြေလို့ရအောင် တစ်ချို့မေးခွန်းတွေကျတော့ ဒေတာတွေလေ ဥပမာကိန်းဂဏန်းတွေ အဲလိုမျိုးတွေရှိတဲ့အခါကျတော့ ကိန်းဂဏန်းတွေမှားဖြေလို့မရဘူး အဲဒီအတွက်ကို တစ်ခါတစ်လေကြိုတောင်းတာတော့ရှိပါတယ်၊ တစ်ခုခုဆိုရင် ဘက်ဂျက်ကိစ္စတွေနဲ့ မေးလိုက်လို့ရှိရင် ဘက်ဂျက်က သန်းပေါင်းဘယ်လောက်ဆိုရင် သန်းပေါင်းမှာလည်း သူ့ဒေတာတွေရှိတာပေါ့နော် ဒီလိုမျိုးမှာမှားပြီးတော့ ဖြစ်သွားရင် ကျနော်တို့က မေးခွန်းလေးကြိုရရင်တော့ ဒေတာမှာတည့်မတ်ပြီးမှ အမှန်ဖြေလို့ရတာပေါ့ အဓိကအကြောင်းအရင်းတွေက ဒေတာလေးတွေမမှားအောင် ဒီလိုလေးအယူအဆပါ ဒါတော့ ကန့်သတ်တာတွေတော့မဟုတ်ဘူးမေးသမျှကိုတော့ ဖြေမှာပါ” ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။

အခြားသော ပြည်နယ်နှင့် တိုင်းများတွင် အစိုးရအဖွဲ့အနေဖြင့် ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် မီဒီယာများအား မေးခွန်းကြိုပို့ခိုင်းခြင်းမရှိကြောင်းသိရပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ကတော့ သတင်းစာရှင်းလင်းပွဲပြုလုပ်တိုင်း မေးခွန်းကြိုပို့ခိုင်းလေ့ရှိသည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...