ချင်းပြည်နယ် တက္ကသိုလ်ဝင်တန်းအောင်ချက် ယမန်နှစ်ထက် တိုးလာသော်လည်း တစ်နိုင်ငံလုံးတွင် အောင်ချက်အနိမ့်ဆုံးဖြစ်

ချင်းပြည်နယ် တက္ကသိုလ်ဝင်တန်းအောင်ချက် ယမန်နှစ်ထက် တိုးလာသော်လည်း တစ်နိုင်ငံလုံးတွင် အောင်ချက်အနိမ့်ဆုံးဖြစ်

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်လိုက်ပြီး ချင်းပြည်နယ်သည် ယခင်နှစ်ထက် အောင်ချက်တိုးလာသော်လည်း တိုင်းနှင့်ပြည်နယ် ၁၄ ခုအနက် အောင်ချက်အနိမ့်ဆုံးပြည်နယ်ဖြစ်သည်။

ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ကျောင်းသား/ကျောင်းသူ ၁၀၇၇၁ ဦးရှိသည့်အနက် ၂၁၁၀ ဦးအောင်မြင်ပြီး အောင်ချက်အားဖြင့် ၁၉.၅၉ ရာခိုင်နှုန်းရှိသည်။ ဂုဏ်ထူးဖြင့်အောင်မြင်သူ ၂၅၃ ဦးရှိပြီး ငါးဘာသာ (၁) ဦး၊ လေးဘာသာ (၁) ဦး၊ သုံးဘာသာ (၄) ဦး၊ နှစ်ဘာသာ (၃၉) ဦးနှင့် တစ်ဘာသာ (၂၀၈) ဦးရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ချင်းပြည်နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ကျောင်းသား/ကျောင်းသူ ဦးရေ ၁၀၁၆၈ ဦးရှိခဲ့ပြီး ၁၆၉၂ ဦးအောင်မြင်ပြီး ရာခိုင်နှုန်းဖြင့် ၁၆.၆၄ အောင်ချက်ရှိခဲ့သည်။

ယခုနှစ်အောင်ချက်သည် ယမန်နှစ်အောင်ချက်နှင့် နှိုင်းယှဉ်ကြည့်ပါက ၃ ရာခိုင်နှုန်းခန့်တိုးလာသည်ကို တွေ့ရသည်။

သို့သော်လည်း တစ်နိုင်ငံလုံးအောင်ချက်အတိုင်းအတာနှင့် ယှဉ်ကြည့်ပါက ချင်းပြည်နယ်သည် အောင်ချက် အနိမ့်ဆုံးပြည်နယ်ဖြစ်ပြီး မွန်ပြည်နယ်သည် ၃၇.၅၄ ရာခိုင်နှုန်းဖြင့် အောင်ချက်အမြင့်ဆုံးပြည်နယ်ဖြစ်သည်။

ချင်းပြည်နယ်သည် ယမန်နှစ်ထက် အောင်ချက်တိုးတက်မှုရှိလာသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြားတိုင်းနှင့်ပြည်နယ်ကျော်လွှားနိုင်ရန်အတွက် ကျောင်းသားတွေမှာလည်းအများကြီးမူတည်ကာ မိဘ၊ ဆရာများ၏ ကူညီပံ့ပူးမှုသည်လည်းအများကြီး လိုအပ်ကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့် ထန်ကပြောသည်။

“ချင်းပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာမှာတော့ တိုးတက်မှုရှိတယ် ပြီးခဲ့တဲ့နှစ်တုန်းကထက်ပေါ့နော် အခု ၁၉ ကျော်သွားပြီဆိုတော့ နည်းနည်းတော့တက်တယ် ဒါပေမဲ့တစ်နိုင်ငံလုံးအတိုင်းအတာ ပြန်ကြည့်မယ်ဆိုရင် ပလက်ဝကတော့မတက်လာနိုင်သေးဘူး ဒါလည်းအကြောင်းများကြီးရှိပါတယ် ကျောင်းဆရာ၊မ မလုံလောက်မှုတွေ ပြီးတော့ လူငယ်ပိုင်းအနေနဲ့လည်း စာကြိုးစားမှုပိုင်းမှာတော်တော်အားနည်းနေပါသေးတယ် သဘောကအခုတိုင်းနှင့်ပြည်နယ်တွေမှာ ဘော်ဒါဆောင်များနေတယ် ဘော်ဒါဆောင်အားကိုးပြီးသင်ပြတာရှိတယ် ဒီမှာကျတော့ အဲလိုမရှိနိုင်ဘူး ကျူရှင်ပြလည်းမရှိ ဘော်ဒါဆောင်လည်းမရှိ အဲလိုဖြစ်တဲ့ခါကျတော့ ကျောင်းသားတွေရဲ့ကြိုးစားမှုနဲ့ ဆရာ၊မတွေရဲ့ ပံ့ပိုးမှုက နံပတ်တစ်ဖြစ်နေတာလေ ဒါကျနော်တို့ ကြိုးစားမှုတော့ ဒီနှစ်မှာတော့ စာကျက်ဝိုင်းတွေ အမျိုးမျိုးတော့ ကြိုးစားကြပါတယ် ဒါပေမဲ့ တခြားတိုင်းနှင့် ပြည်နယ်ကိုကျော်လွှားနိုင်ဖို့ဆိုတာကတော့ ကျောင်းသားတွေပေါ်မှာလည်းအများကြီးမူတည်တယ်လို့ ထင်ပါတယ် ပြီးတော့ မိဘများပေါ့နော် ကလေးတွေရဲ့ပညာရေး ဦးစားပေးမှုလည်းလိုပါတယ် တချို့ကျတော့ သူ့ဟာနဲ့သူလုပ်ပါစေပုံစံမျိုး အိမ်ကနေအားပေးမှုကလည်းလိုပါတယ်လို့ကျနော်မြင်ပါတယ်” ဟု ဝန်ကြီး ဦးပေါင်လွန်မင့်ထန်ကပြောသည်။

ချင်းပြည်နယ်မြို့နယ်အလိုက်အောင်ချက်ရာခိုင်နှုန်းမှာ ဖလမ်းမြိုနယ်သည် ၂၉.၄၃ ရာခိုင်နှုန်းဖြင့် အောင်ချက်အများဆုံးဖြစ်ပြီး ပလက်ဝမြို့နယ်သည် ၆.၈၄ ရာခိုင်နှုန်းဖြင့်အောင်ချက်အနည်းဆုံး မြို့နယ်ဖြစ်သည်။

နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့် ပလက်ဝမြို့နယ်သည် ယခုချိန်တွင်လည်း ကျောင်းပေါင်း (၁၁၈) တွင် ကျောင်းဆရာ/ဆရာမ မရှိသည့်အတွက် ကျောင်းမတက်နိုင်ကြသေးပေ။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...