ချင်းပြည်နယ်တွင် ကိုယ်ဝန်ဆောင်မိခင် (၃) ဦးလျှင် တစ်ဦး သွေးအားနည်းရောဂါခံစားနေရဟု စစ်တမ်းတစ်ခုကဆို

ချင်းပြည်နယ်တွင် ကိုယ်ဝန်ဆောင်မိခင် (၃) ဦးလျှင် တစ်ဦး သွေးအားနည်းရောဂါခံစားနေရဟု စစ်တမ်းတစ်ခုကဆို
Photo Credit – (SUN CSA Myanmar)
Photo Credit – (SUN CSA Myanmar)

ချင်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၃) ဦးလျှင် တစ်ဦးမှာ သွေးအားနည်းရောဂါ ခံစားနေရသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော မြန်မာနိုင်ငံအဏုအာဟာရနှင့် အစာစားသုံး မှုအခြေအနေလေ့လာရေး စစ်တမ်းကနေဦးရလဒ်များအစီရင်ခံစာအရ သိရသည်။

ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း လိုအပ်သည့် သံဓာတ်ပါဝင်သော အသားဓာတ်များလုံလုံလောက်ေ လာက်မရရှိခြင်းကြောင့် ချင်းပြည်နယ်အတွင်းရှိ မိခင်များသည် ယခုကဲ့သို့ သွေးအားနည်းရောဂါကို ခံစားနေကြရခြင်းဖြစ်သည်ဟု အာဟာရမြှင့်တင်ရေး အရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ယက် (SUN CSA Myanmar) ဥက္ကဌ ဦးအောင်မြတ်ကျော်ကပြောသည်။

“အများစုကတော့ ကိုယ်ဝန်ဆောင်တဲ့ချိန်မှာ လိုအပ်တဲ့ သံဓာတ်ပါတဲ့အသားတွေမရတာပဲ မရတာကတော့ တခါတလေကျတော့လည်း ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာအရမစားကြတာရှိတယ်လေ ရှောင်တာပေါ့ တစ်ချို့ကြတော့လည်း စားဖို့သိပေမယ့် အဲဒီအစားသောက်ကိုလက်လှမ်းမမှီဘူး အကြောင်းအမျိုးမျိုးကြောင့် ငွေရေးကြေးအရသော်လည်းကောင်း အစားအသောက်ရှားပါးခြင်းကြောင့်သော်လည်းကောင်း အဲလိုမျိုးလက်လှမ်းမမှီတာပေါ့ လက်တစ်ကမ်းကွာမှာရှိတော့ မစားဖြစ်ဘူး ဒါတွေကြောင့်ဖြစ်တယ်” ဟု SUN CSA Myanmar ဥက္ကဌ ဦးအောင်မြတ်ကျော်ကပြောသည်။

ချင်းပြည်နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်များသည် သံဓာတ်ချိူ့ယွင်းမှုကြောင့် Hemoglobin ခေါ် သွေးနီဥထုတ်လုပ်မှု ကျဆင်းကာ သွေးနီဥအားနည်းခြင်းကြောင့် သွေးအားနည်းမှုဖြစ်ပေါ်စေ၍ ကိုယ်ဝန်ဆောင်မိခင်များသည် မီးပွားချိန်တွင် အားမစိုက်နိုင်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ မီးဖွားချိန်ကြာမြင့်ခြင်းကြောင့် မိခင်နှင့် ကလေးသေဆုံးမှု ဖြစ်ပေါ်စေသည်ဟု ဦးအောင်မြတ်ကျော်ကပြောသည်။

မြန်မာနိုင်ငံအဏု အာဟာရနှင့် အစာစားသုံး မှုအခြေအနေလေ့လာရေး စစ်တမ်းကနေဦးရလဒ်များအစီရင်ခံစာသည် ၂၀၁၈ ခုနှစ်အတွင်း လေ့လာဆန်းစစ်သည့် စစ်တမ်းဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ်တွင် ကျန်းမာရေးဆိုင်ရာစီမံကိန်းများဆောင်ရွက်နေသော Karuna Mission Social Solidarity (KMSS) ဟားခါးရုံးမှ ဒေါ်ကြည်ကြည်အောင်ကလည်း ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် အဟာရမျှတအောင်စားသုံးခြင်းနှင့် လုံလောက်မှုမရှိခြင်းကြောင်း အဟာရချိူ့တဲ့မှုဖြစ်စေသည်ဟု ပြောသည်။

“အာဟာရနဲ့မျှတအောင် မစားတာရယ်လုံလောက်မှုမရှိတာရယ် အဲဒီနှစ်ခုကြောင့် အမျိုးသမီးတွေက အာဟာရချို့တဲ့ တာရှိနေတယ်ပေါ့ အာဟာရပြည့်ဝအောင်ဆိုလိုရှိရင် သူတို့ရဲ့ အာဟာရပြည့်ဝအောင်စားသောက်ဖို့ သူတို့ရဲ့ဓလေ့ ပြင်ဆင်ချက်ပြုတ်စားသောက်တာတွေကစ အကုန်လုံး အဲဒါတွေရယ် ပြီးလို့ရှိရင် သူတို့စားသုံးဖို့ လက်လှမ်းမှီဖို့ ဟင်းသီး ဟင်းရွက်တွေကိုလည်း အကုန်လုံး လက်လှမ်းမှီဖို့ရယ် ကိုယ်ဝန်ဆောင်စရှိပြီဆိုလို့ရှိရင် ကျန်မာရေးဌာနကနေ ဆေးပေးတာရှိတယ် ဒါတွေအားလုံးက လက်လှမ်းမှီနိုင်ဖို့က အရေးကြီးတယ်” ဟု ဒေါ်ကြည်ကြည်အောင်ကပြောသည်။

ချင်းပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များအတွက် အခမဲ့ပေးသည့် ဆေးဝါးများသည် ဆေးပျက်လတ်မှုများရှိပြီး ဆေးဝါးများပေးဆောင်ခြင်းနှင့်ပတ်သက်ပြီး ဆေးဝါများဘယ်အချိန်မှာပေးမည် ဆိုတာမျိုးအတိအကျမသိနိုင်ခြင်းများကြောင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် လုံလောက်မှုမရှိကြောင်း ဆက်ပြောသည်။

SUN CSA Myanmar အနေဖြင့် အာဟာရမြှင့်တင်ရေးပိုင်းတွင် အသိပေးဆွေးနွေးခြင်းဖြင့်လည်းကောင်း၊ နိုင်ငံတော်မှ ကဏ္ဍပေါင်းစုံပါဝင်သည့် အမျိုးသားအာဟာရဖွံ့ဖြိုးမှုစီမံကိန်း ငါးနှစ်စီမံကိန်းတွင် အရပ်ဖက်အဖွဲ့အစည်းအနေဖြင့် တက်တက်ကြွကြွဖြင့်ပါဝင်ဖို့ရန်အတွက် တောက်လျှောက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဥက္ကဌ ဦးအောင်မြတ်ကျော်ကပြောသည်။

“ကျွန်တော်တို့ SUN CSA အနေနဲ့ National အဆင့်နဲ့ပေါ့နော် ကျနော်တို့သွားမယ့်လမ်းကြောင်းပေါ့ အဓိက အသိပေးဆွေးနွေးပွဲသွားမှာ ဒါတွေတော့လုပ်သင့်တယ် အာဟာရကဘယ်လောက်အရေးကြီးလဲ အာဟာရကဏ္ဍမှာ အဲလိုအသိပေးဆွေးနွေးတဲ့အခါမှာ ကဏ္ဍပေါင်းစုံပါဝင်ဖို့လိုတယ် လွှတ်တော်ပါဖို့လိုတယ် အစိုးနဆိုင်ရာများလည်းပါဖို့လိုတယ် ဘာကြောင့်ဆိုတော့ လွှတ်တော်က အာဟာရနဲ့ပတ်သက်တဲ့ဘက်ဂျက်မျိုးတွေချပေးမှသာလျှင် အစိုးရဌာနဆိုင်ရာတွေက အကောင်ထည်ဖော်မှာဖြစ်တယ် ဒါကြောင့် အသိပေးဆွေးနွေးမှုတွေဆက်လုပ်သွားမယ်၊ နောက်တစ်ခုက အကြီးမားဆုံးသွားဖို့ရှိတာက နို်င်ငံတော်ရဲ့ကဏ္ဍပေါင်းစုံပါဝင်တဲ့ အာဟာရဖွံ့ဖြိုးမှု ငါးနှစ်စီမံကိန်းမှာ အရပ်ဖက်အဖွဲ့အစည်းအနေဖြင့် တက်တက်ကြွကြွပါဝင်ဖို့ ကျရာအခန်းကဏ္ဍမှာပါဝင်ဖို့အဲဒါကို ကျနော်တို့ဆက်လုပ်သွားမယ်” ဟု ဥက္ကဌကပြောသည်။

ချင်းပြည်နယ် အဟာရမြှင့်တင်ရေးဆိုင်ရာနှင့်ပတ်သက်၍ ပြီးခဲ့သည့် မေလ ၂၉ ရက်မှ ၃၀ ရက်နေ့ကလည်း SUN CSA Myanmar ၏ ဦးဆောင်မှုဖြင့် ဟားခါးမြို့ မြို့တော်ခန်းမတွင် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။

ချင်းပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း မိခင်သေဆုံးမှုသည် (၁၆) ဦးအထိရှိနေပြီး အများစုမှာ မီးဖွားချိန်ကြာမှုနှင့် သွေးသွန်မှုကြောင့်ဖြစ်သည်ဟု ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ မှတ်တမ်းအရသိရသည်။

မိခင်သေဆုံးမှုဆိုသည်မှာ ကိုယ်ဝန်စရှိသည့်အချိန်မှစ၍ ကလေးမွေးပြီး (၄၂) ရက်အတွင်း ကိုယ်ဝန်နှင့်သက်ဆိုင်သည့် ရောဂါကြောင့်ဖြစ်စေ၊ ကိုယ်ဝန်နှင့်မသက်ဆိုင်သည့်ရောဂါကြောင့်ဖြစ်စေ သေဆုံးမှုများကို မိခင်သေဆုံးမှု ခေါ်ဆိုကြပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ သေဆုံးသည့် မိခင်အများစုမှာ မွေးရက်ကြာမှုနှင့် သွေးသွန်မှုများကြောင့်ဟု သိရသည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...