အိန္ဒိယ-မြန်မာအမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်း ရိ-ဇိုခေါထာရ်မှတဆင့် မီဇိုရမ်ပြည်နယ်သို့ ကုန်ပစ္စည်းတင်ပို့မှုကို ကျန်ဖိုင်းကားလိုင်းအသင်းမှ တစ်လနီးပါးပိတ်ပင်ထားမှုကို ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။
ကျန်ဖိုင်းကားလိုင်းအသင်းမှ မီဇိုရမ်ပြည်နယ်သို့ တင်ပို့သော မြန်မာကုန်ပစ္စည်းများကို ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့မှစ၍ စတင်ပိတ်ပင်ထားသောကိစ္စနဲ့ပတ်သက်ပြီး ဧပြီလ ၂၃ ရက်နေ့က ကျန်ဖိုင်းခရိုင် Champhai Circuit House တွင် Champhai Trade Union နှင့် ဇိုးခေါထာရ် ကုန်စည်ပို့ဆောင်ရေးအသင်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြရာ ကုန်ပစ္စည်းတင်ပို့မှုကို ယခုလို ပြန်လည်ဖွင့်လှစ်ဖို့ သဘောတူခဲ့ကြခြင်းဖြစ်သည်။
ကုန်ပစ္စည်းတင်ပို့မှု တစ်လနီးပါးပိတ်ပင်ထားသောကြောင့် မြန်မာကုန်သည်များ အခက်တွေ့နေရပြီး ပြန်လည် ဖွင့်လှစ်တော့မည့်သတင်းမှာ ကုန်သည်များအတွက် ဝမ်းသာစရာသတင်းစကားဖြစ်ကြောင်း ချင်းအမျိုးသမီးကုန်သည်တစ်ဦးက ပြောသည်။
“ပိတ်တာက တစ်လနီးပါးရှိပြီ၊ ဘာကုန်ပစ္စည်းမှရောက်မလာတော့ ကုန်ပစ္စည်းအသစ်မပေးနိုင်တဲ့အတွက် အကြွေးကောက်ရာမှာ လည်း အခက်တွေ့ရတယ်။ ခုလို ပြန်လည်ဖွင့်လှစ်မယ်ဆိုတော့လည်း အတိုင်းမသိဝမ်းသာပါတယ်။ ဘယ်လိုဆွေးနွေးပြီး ဘယ်လို ပြေလည်လုပ်ကြတာလဲတော့မသိဘူး။ ဧပြီလ ၂၅ ရက်နေ့ကစပြီး ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်တယ်။” ဟု အဆိုပါကုန်သည်ကပြောသည်။
တစ်လနီးပါး ကုန်ပစ္စည်းတင်ပို့မှု ပိတ်ပင်ခြင်းကြောင့် အိန္ဒိယ-မြန်မာနယ်စပ် ရိ ဂိုဒေါင်များ၌ ကုန်ပစ္စည်းများမဆံ့လောက်အောင်သောင်တင်ခဲ့ရပြီး တချို့ကုန်သည်များမှာ ထန်တလန် မီဇိုရမ်ပြည်နယ် နယ်စပ် Farkawn ဘက်ကနေ့တဆင့် ကုန်ပစ္စည်းများ တင်ပို့ခဲ့ကြကြောင်း သိရသည်။
မီဇိုရမ်ပြည်နယ် ဇိုးခေါထာရ် ကုန်စည်ပို့ဆောင်ရေးအဖွဲ့နှင့် ကျမ်ဖိုင်းကုန်စည်ပို့ဆောင်ရေး ကားလိုင်းအသင်းတို့အကြား ကုန်ပစ္စည်းသယ်ယူရေးနှင့်ပတ်သက်၍ အငြင်းပွားမှုဖြစ်နေသည့်အတွက် နယ်စပ်မှတဆင့် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းဘက် သို့ ကုန်ပစ္စည်းတင်ပို့မှုကို မတ်လ (၂၆) ရက်နေ့ကစတင် ပိတ်ပင်ခဲ့ကြခြင်းဖြစ်သည်။







