မဏ္ဍိုင်လေးရပ်တွေ့ဆုံဆွေးနွေးပွဲ ချင်းပြည်နယ်တွင် ပထမဆုံးအကြိမ်ကျင်းပမည်

မဏ္ဍိုင်လေးရပ်တွေ့ဆုံဆွေးနွေးပွဲ ချင်းပြည်နယ်တွင် ပထမဆုံးအကြိမ်ကျင်းပမည်

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ဦးဆောင်မှုဖြင့် ချင်းပြည်နယ်ရှိ ဥပဒေပြုရေး၊ အုပ်ချူပ်ရေး၊ တရားစီရင်ရေးအဖွဲ့အစည်းများနှင့် သတင်းမီဒီယာများပါဝင်သော “ မဏ္ဍိုင်လေးရပ် တွေ့ဆုံဆွေးနွေးပွဲ’’ ကို ဟားခါးမြို့ မြို့တော်ခန်းမ၌ ဧပြီလ ၂၅ ရက်နေ့တွင် ပထမဆုံးအကြိမ် ကျင်းပကြမည်ဖြစ်သည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ အစိုးရအဖွဲ့၊ လွှတ်တော်၊ တရားစီးရင်ရေးအဖွဲ့အစည်းများနှင့် သတင်းမီဒီယာများအကြား လွှတ်လပ်စွာသတင်းရယူခွင့် ရရှိနိုင်ရေးအတွက်ရည်ရွယ်ပြီး ယခုကဲ့သို့ မဏ္ဍိုင်လေးရပ် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး (၁) ဦးမြင့်ကျော်ကပြောသည်။

“ပြည်နယ်နဲ့တိုင်းတွေမှာ သတင်းမီဒီယာနဲ့ အစိုးရ၊ လွှတ်တော်တို့ တရားစီရင်ရေးတို့နဲ့ သတင်းရယူခွင့်ပိုင်းဆိုင်ရာမှာ အခက်အခဲတွေရှိကြတယ် တဖက်နဲ့တဖက် နားလည်မှု သဘောပေါက်မှု မတူညီကြတာတွေရှိကြတယ် အဲဒါတွေကို ကောင်စီက ဒီလိုဆွေးနွေးပွဲတွေ လုပ်ဆောင်ခြင်းအားဖြင့် အဲဒါတွေပြေလည်သွားအောင် ဖြေရှင်းနိုင်အောင် အဲဒါအဓိကပါ” ဟု ဦးမြင့်ကျော်ကပြောသည်။

ချင်းပြည်နယ်တွင် ကျင်းပမည့် အဆိုပါမဏ္ဍိုင်လေးရပ် တွေ့ဆုံဆွေးနွေးပွဲတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ (အုပ်ချူပ်ရေးမဏ္ဍိုင်)၊ ချင်းပြည်နယ်လွှတ်ာတော် (ဥပဒေပြုရေးမဏ္ဍိုင်)၊ ချင်းပြည်နယ် တရားရေးစီရင်ရေးမဏ္ဍိုင်တို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ဦးဆောင်သူများနှင့် ချင်းသတင်းသမားများ တက်ရောက်ကြမည်ဖြစ်သည်။

“အစိုးရအဖွဲ့၊ လွှတ်တော်ရယ်၊ တရားစီရင်ရေးက ပြည်နယ်ဥပဒေချူပ်၊ တရားသူကြီးချူပ်တို့ ပြည်နယ်အဆင့်တာဝန်ရှိတဲ့သူတွေ တက်ရောက်ကြမယ် အဲဒီမှာ သတင်းသမားတွေအနေနဲ့ သတင်းရယူရေးနဲ့ပတ်သက်လို့ ဘာအခက်အခဲတွေရှိကြလဲ ဘယ်လိုဖြေရှင်းရမလဲ တစ်ချိူ့ဟာတွေကတော့ သတင်းသမားတွေ နားလည်မှုလိုနေတာလည်းဖြစ်နိုင်တယ် ဒါမှမဟုတ် ရသင့်ရထိုက်တာမရတာလည်းဖြစ်နိုင်တယ် အဲဒါမျိူးကို တိုက်ရိုက်ဆွေးနွေးကြမယ်” ဟု ဦးမြင့်ကျော်ကပြောသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့၏ ဦးဆောင်မှုဖြင့် ယခုကဲ့သို့ မဏ္ဍိုင်လေးရပ်တွေ့ဆုံဆွေးနွေးပွဲကို ချင်းပြည်နယ်သို့ လာရောက်ပြုလုပ်သည့်အပေါ် ဝမ်းသာကြိုဆိုကြောင်း ချင်းသတင်းသမားများအတွက် လွတ်လပ်စွာသတင်းရယူခွင့်ကို များစွာ အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ကြောင်း ချင်းမီဒီယာကွန်ယက်၏ အမှုဆောင်ဒါရိုက်တာ ဆလိုင်းရောဘတ်ကပြောသည်။

“သတင်းမီဒီယာတွေဆိုတာ တိုင်းပြည်ရဲ့ နားမျက်စိတွေဖြစ်တယ်၊ တိုင်းပြည်ကိုအဓိကမောင်းနှင်တဲ့ မဏ္ဍိုင်ကြီးသုံးရပ် (အုပ်ချူပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး) ကို စတုထ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာတွေက ထောက်ပြဝေဖန်ထိန်းကျောင်းပေးရတာဖြစ်တယ်၊ ဒါကြောင့် လွတ်လပ်လွယ်ကူတဲ့ သတင်းရယူမှုတွေ ဖန်တီးပေးရမှာဖြစ်ပါတယ်၊ ဒါပေမယ့် ခုလက်ရှိ ချင်းပြည်နယ်ရဲ့ အခြေအနေကတော့ သတင်းသမားတွေ လွတ်လပ်လွယ်ကူစွာ သတင်းရယူဖို့ အခက်အခဲအဟန့်အတားတွေ ရှိနေသေးတယ်၊ ဌာနဆိုင်ရာတွေက မီဒီယာတွေအပေါ် အမြင်လွဲမှုတွေ၊ မယုံကြည်မှုတွေ၊ ရန်သူလို ဆက်ဆံမှုပုံစံတွေ ရှိနေသေးတယ်၊ ဆိုတော့ ဒီလို မဏ္ဍိုင်ကြီးလေးရပ် တွေ့ဆုံဆွေးနွေးပြီး အခက်အခဲ စိန်ခေါ်မှုတွေကို ပွင့်ပွင့်လင်းလင်းနဲ့ တင်ပြဆွေးနွေးမယ်ဆိုရင် အပြန်အလှန်ယုံကြည်မှု၊ နားလည်မှုတွေရှိလာပြီး သတင်းရယူမှုပိုင်းမှာလည်း အတော်လေး အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်ပါတယ်’’ ဟု ချင်းမီဒီယာကွန်ယက် အမှုဆောင်ဒါရိုက်တာကပြောသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် မဏ္ဍိုင်လေးရပ် တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်ကစတင်ပြီး တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ကျင်းပလာခဲ့ရာ ယခု ချင်းပြည်နယ်သည် (၉) ကြိမ်မြောက်ဖြစ်သည်ဟု သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...