မတူပီခရိုင်ရုံးတည်ဆောက်မည့်မြေနေရာကိစ္စ ထောင်နှင့်ချီသော မတူပီလူထု ယနေ့ဆန္ဒဖော်ထုတ်

မတူပီခရိုင်ရုံးတည်ဆောက်မည့်မြေနေရာကိစ္စ ထောင်နှင့်ချီသော မတူပီလူထု ယနေ့ဆန္ဒဖော်ထုတ်

ချင်းပြည်နယ်တောင်ပိုင်း မတူပီခရိုင်ရုံးတည်ဆောက်မည့် မြေနေရာအငြင်းပွားမှုသည် ဆက်လက်ဖြစ်ပွား နေပြီး ထောင်နှင့်ချီသော မတူပီဒေသခံပြည်သူလူထုက ယနေ့နံနက်ပိုင်း ၉ နာရီခွဲကစတင်ပြီး စည်တန်း လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်သူများသည် ခရိုင်ရုံးတည်ဆောက်မည့်ကိစ္စနှင့်ပတ်သက်၍ ၎င်းတို့သဘောထားဆန္ဒများပါသော ဗီနိုင်းပိုစတာများကို ကိုင်ဆောင်ကာ မတူပီမြို့ ရှစ်လမ်းဆုံမှ ဗိုလ်ချုပ်လမ်းအတိုင်း ချီတက်ကာ ဟားခါး၊ မင်းတပ်လမ်းဆုံမှ ပြန်လှည့်ပြီး ပလက်ဝမြို့လမ်းအတိုင်း ရှစ်လမ်းဆုံတွင်ပြန်လည်စုရုံးကြပြီးနောက် ဆန္ဒဖော်ထုတ်မှုကို အဆုံးသတ်ခဲ့ကြသည်။

ယနေ့ဆန္ဒမှုကို ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးသိန်းမြင့်က “ဒီခရိုင်အုပ်ချုပ်မှူးရုံးကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ဌာနဆိုင်ရာများ၊ စည်ပင်ကော်မတီ၊ မြို့မိမြို့ဖ၊ လေးရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ လူမှုအဖွ့ဲအစည်းများရဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ အညီ အဆင့်အဆင့်တင်ပြသည့်အတိုင်းနေရာချပေးရန်တောင်းဆိုပါတယ်၊ ဒီခရိုင်အုပ်ချုပ်မှူးရုံးကို မြို့နယ်ထွေအုပ်ရုံးနေရာမှာ ပူးတွဲဆောက်ပေးဖို့ ဒါမဟုတ်ရင် ဖူလ်ပါးကွင်းမှာဆောက်ပေးဖို့တောင်းဆိုပါတယ် ခရိုင်ရုံးမြေနေရာနဲ့ပတ်သက်ပြီး ပြည်သူတွေ ပွင့်လင်းမြင်သာမှုကို အလိုရှိတယ် ပွင့်လင်းမြင်သာမှုမရှိပဲ ဆောင်ရွက်ခြင်းကို အလိုမရှိဘူး ” ဟု ဦးသိန်းမြင့်ကပြောသည်။

မတူပီဒေသခံပြည်သူများက မတူပီခရိုင်ရုံးကို မြို့တွင်းစည်ပင်ဧရိယာတွင် တည်ဆောက်ပေးရန်လိုလားနေကြ သော်လည်း မြေနေရာလုံလောက်မှုမရှိခြင်းနှင့် ပညာရှင်များ၏ ကွင်းဆင်းစစ်ဆေးမှုအရဟုဆိုကာ ချင်းပြည်နယ်အစိုးရက မတူပီမြို့နှင့် ၉ မိုင်ခန့်အကွာ ဖနိုင်-ငလိုင်ကျေးရွာဘက်တွင် တည်ဆောက်ရန်စီစဉ်နေခြင်းဖြစ်သည်။

ယင်းကိစ္စကို ဒေသခံပြည်သူများက ဆန့်ကျင်သည့်အနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလက ပထမအကြိမ်ဆန္ဒဖော်ထုတ်ကြပြီး ထူးခြားမှုရှိမလာသည့်အတွက် ဒုတိယအကြိမ်ထပ်မံဆန္ဒဖော်ထုတ်ကြခြင်းဖြစ်သည်။

“ပြည်သူလူထုရဲ့ အလိုဆန္ဒကို မလိုက်လျောနိုင်ဘူးဆိုရင် ဒီမိုကရေစီနဲ့ မကိုက်ဘူးလေ ကျွန်တော်တို့ ဒီမိုကရေစီစနစ်နဲ့ သွားနေတဲ့အချိန်ခါမျိူးမှာ တစ်ဦးတစ်ယောက်ရဲ့ အာဏာနဲ့ဖိပြီးတော့ လုပ်တာမျိုးဟာ အခုသွားနေတဲ့ ဒီမိုကရေစီနစ်နဲ့မကိုက်ညီဘူး နိုင်ငံတော်အတိုင်ပင်ခံနဲ့ သမ္မတရဲ့ ဆန္ဒနဲ့ လည်း လုံးဝမကိုက်ညီတော့ဘူး ပြည်သူ့အသံကိုလေးစားဖို့လိုပါတယ်’’ ဟု ဦးသိန်းမြင့်ကပြောသည်။

ယနေ့ဆန္ဒဖော်ထုတ်မှုတွင် လူဦးရေ (၃၅၀၀) ခန့်ပါဝင်ခဲ့ကြသည်ဟု သိရသည်။

မတူပီခရိုင်တည်ဆောက်ရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်းကျပ်သန်းပေါင်း (၁၈၂၄ ဒသမ ၉) ချထားပြီးဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...