မြန်မာနိုင်ငံ တိုင်းနှင့် ပြည်နယ် (၁၄) ခုအနက် ချင်းပြည်နယ်ရှိ အသက် (၅) နှစ်အောက် ကလေးငယ်များသည် ကာလတာရှည်အဟာရချိူ့တဲ့မှုနှုန်း အမြင့်ဆုံးဖြစ်သည်ဟု ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ထုတ်ပြန်သည့်စစ်တမ်းအရ သိရသည်။
ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ကာလတာရှည်အဟာရချိူ့တဲ့မှုစစ်တမ်းကို အသက်( ၆လ မှ ၅၉လ အကြား) ကလေးငယ်များအား ပြည်နယ်နှင့်တိုင်းအသီးသီးတွင် ကောက်ယူခဲ့ပြီး ကဏ္ဍပေါင်းစုံပါဝင် သော အမျိူးသားအဟာရ ဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်းကို ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့သည်။
အဆိုပါစစ်တမ်းထုတ်ပြန်ချက်အရ ချင်းပြည်နယ်ရှိ ကလေးငယ်များသည် ကာလတာရှည်အဟာရချိူ့တဲ့ခြင်း (သို့မဟုတ်) အရပ်အမောင်းပုညှက်မှု ရာခိုင်နှုန်းသည် (၄၀ ဒသမ ၃) ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးတွင် အမြင့် ဆုံးဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဒေါက်တာ တင်မောင် ဆွေက ချင်းပြည်နယ်ရှိ ကလေးငယ်များသည် အစားအသောက်များကို နည်းစနစ်မှန်မှန်ကန်ကန် စားသုံးမှုမရှိ ခြင်းနှင့် ဆင်းရဲနွမ်းပါးခြင်းတို့ကြောင့်ဖြစ်သည်ဟု ပြောဆိုပါသည်။
“ အစားအသောက်ကို နည်းစနစ် မှန်မှန်ကန်ကန် စားသောက်ဖို့အတွက် အသိပညာပေးအားနည်းမှုပေါ့ မှန်ကန် တဲ့ အစားအသောက်စားဖို့ အသိရှိပေမယ့်လည်း စားဖို့အတွက် လက်လှမ်းမမှီဘူး ငွေကြေးအရ ဆင်းရဲတာပေါ့ ကလေးတွေက ငယ်ငယ်ကတည်းကနေ အာဟာရဖြည့်မှ အာဟာရဖွံ့ဖြိုးမှုက ရှိတာလေ ဗိုက်ထဲကနေစပြီး တော့ အာဟာရကိုမဖြည့်ဆီးပေးနိုင်တဲ့အခါကျတော့ နို့တိုက်တဲ့အခါလည်း အာဟာရကို မှန်မှန်ကန်ကန် မဖြည့်ဆီးနိုင်တဲ့အခါတော့ အာဟာရချို့တဲ့မှုတွေရှိတာပေါ့ ကိုယ်ဝန်ဆောင်ကတည်းကနေ အာဟာရပြည့်ဝမှု မဖြစ်နိုင်တာကြောင့် ကိုယ်ဝန်အဆိပ်တက်တဲ့ကိစ္စလည်းပါဝင်တာပေါ့ ပြီးတော့ ကလေးခဏခဏမွေးတဲ့အခါ ကျတော့ ရှေ့ကလေးကနောက်ကလေးနဲ့ ဆက်တဲ့အခါကျတော့ ရှေ့ကလေးကအာဟာရချို့တဲ့တာပေါ့” ဟု ဒေါက်တာ တင်မောင်ဆွေကပြောသည်။
အဆိုပါစစ်တမ်းသည် ပြီးခဲ့သည့်(၂၀၁၇-၂၀၁၈) ခုနှစ်ကို အခြေခံသည့်စစ်တမ်းဖြစ်သည်။
ကာလတာရှည်အဟာရချိူ့တဲ့မှု၊ ပုညှက်မှုဖြစ်နေရခြင်းသည် ဆင်းရဲနွမ်းပါးမှုနှင့် နိုင်ငံ၏ လူမှုစီးပွားရေး အခြေအနေနိမ့်ကျမှုတို့ကြောင့်ဖြစ်ပြီး ယင်းကဲ့သို့ဖြစ်သည့် ကလေးငယ်များသည် စဉ်းစားတွေးခေါ်မှု စွမ်းရည်အားနည်းခြင်း၊ ကျောင်းသင်ခန်းစာများတွင် ညံ့ဖျင်းခြင်း၊ လူကြီးဘဝတွင် အလုပ်လုပ်နိုင်စွမ်း နည်းပါးခြင်းတို့ဖြစ်နိုင်သည်ဟု အဆိုပါစစ်တမ်းအရသိရသည်။
ယင်းကိစ္စများကိုကိုင်တွယ်ဖြေရှင်းရန်အတွက် ပြည်သူ့ကျန်းမားရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဌာနမှ ကိုယ်ဝန် ဆောင်မိခင်များအား ကိုယ်ဝန်ဆောင်စဉ်ကာလတွင် အာဟာရချို့တဲ့မှုမရှိစေရန် လစဉ်ထောက်ပံ့ကြေးများ ထောက်ပံ့ပေးဆောင်ခဲ့ကြောင်းဒေါက်တာတင်မောင်ဆွေကပြောသည်။
“လောလောဆယ်မှာတော့အခု ကိုယ်ဝန်ဆောင်ကာလကတည်းကနေပြီးတော့ အာဟာရတွေကိုမှန်မှန်ကန်ကန် စားသုံးနိုင်ဖို့အတွက်ကိုပညာပေးတဲ့အစီအစဉ်တွေကို လူမှုဝန်ထမ်းဝန်ကြီးဌာနနှင့် ပေါင်းပြီးတော့ ကိုယ်ဝန် ဆောင်တဲ့ကာလမှာ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဟာ တစ်လကို ဖြည့်စွပ်စာအတွက် သုံးသောင်း ထောက်ပံ့ပေးတယ် အဲဒီသုံးသောင်းထောက်ပံ့ပေးတာမှန်မှန်ကန်ကန် စားသုံးဖို့ကိုကျန်းမာရေးဌာန ကနေသားဖွားဆရာမတွေနဲ့ ချိတ်ဆက်ပြီးတော့ ကျန်းမာရေးပညာပေးတာတွေ ဆွေးနွေးတာတွေလုပ်ရတယ်” ဟု ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနညွန်ကြားရေးမှူးကပြောသည်။
အဆိုပါစစ်တမ်းအရ ကာလတာရှည်အဟာရချိူ့တဲ့ခြင်း (သို့မဟုတ်) အရပ်အမောင်းပုညှက်မှုရာခိုင်နှုန်းမှာ ဧရာဝတီတိုင်းသည် (၃၇ ဒသမ ၉) ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့်ဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်သည် (၃၄ ဒသမ ၇) ရာခိုင်နှုန်းဖြင့် တတိယအမြင့်ဆုံးဖြစ်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ချင်းပြည်နယ်အတွက် ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်ရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘတ်ဂျက်၏ ငွေလုံးငွေရင်းအသုံးစရိတ်မှ ကျပ်ငွေ ၁၈၃၀၂ သန်းလျာထားပြီး ပြည်နယ်ဘတ်ဂျက်ငွေလုံးငွေရင်းအသုံးစရိတ်မှ ကျပ်ငွေ ၃၆၈ သန်းလျာထားကြောင်းသိရသည်။
.







