ချင်းပြည်နယ်တွင် ပထမဆုံးအဖြစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နှင့် ပြည်တွင်းရင်းနှီးမြှုပ်မှု စတင်ဝင်ရောက်လာပြီ ဖြစ်သည့်အတွက် အစိုးရနှင့် ပြည်သူများမှ အကောင်းဆုံးပူးပေါင်းပါဝင်မှု မလုပ်လျှင် နောက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုပြန်ဝင်ရောက်နိုင်ရန် အဟန့်အတား ရှိနိုင်ကြောင်း စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။
ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုပွဲတော်တွင် ချင်းပြည်နယ်အစိုးရသည် စုစုပေါင်း ဒေါ်လာ ၅၄ သန်းတန်ကြေးရှိသော ရင်းနှီးမြှုပ်နှံမှုကို ကုမ္ပဏီလေးခုနှင့် လက်မှတ်ရေးထိုးခဲ့ပြီး ထိုကုမ္ပဏီလေးခု၏ စီမံကိန်းများအနက် အကြီးမားဆုံးမှာ နော်ဝေ ပါဝါကုမ္ပဏီမှ ဓာတ်အားပေးစက်ရုံ တစ်ရုံအတွက် ဒေါ်လာ သန်း ၅၀ တန်သော စီမံကိန်းဖြစ်ပြီး ထိုရင်းနှီးမြှုပ်နှံမှုသည် ချင်းပြည်နယ်တွင် ပထမဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်သည်။
စည်ပင်ဝန်ကြီး ဦးစိုးထက်က “နော်ဝေ ပါဝါကုမ္ပဏီကနေ သန်းငါး ဆယ်လောက် ရင်းနှီးမြှုပ်နှံပြီးတော့ ရေအားလျှပ်စစ် လုပ်မှာဖြစ် တယ်။ ကန်ပက်လက်၊မင်းတပ် ဖက်မှာကွင်းဆင်း တာကြာပြီ။ အဲဒီမြေမှာအမျိုးမျိုး အခက်အခဲတွေကြောင့် ကြာနေတာ။ အဲဒါမျိုးကို နွေးထွေးတဲ့ ကြိုဆိုမှုကို ကျွန်တော်တို့ ကလည်း လုပ်မယ်။ လူထုက လည်း သဘောပေါက် ရမယ်။ ကိုယ့်ဒေသကို သူများတွေတောင် ပိုက်ဆံတွေအများကြီး ရင်းနှီးပြီးတော့ ရင်းနှီးမြှုပ်နှံမှုလာလုပ်တာကို ကန့်ကွက်တာတို့ ဆန့်ကျင်တာတို့ လုပ်နေမယ်ဆိုရင် ရင်းနှီးမြှုပ်နှံ ချင်တဲ့သူတွေ ပြန်ထွက်သွားမှာဘဲ။ ကျွန်တော်တို့ လူမျိုးတွေက ပိုက်ဆံလည်းမရှိဘူး၊ နည်းပညာလည်းမရှိဘူး နိုင်ငံခြားဘဲဖြစ်ဖြစ် ပြည်တွင်းကဘဲဖြစ်ဖြစ် ကျွန်တော်တို့တွေက ကြိုဆိုရမှာဖြစ်တယ်”ဟုပြောသည်။
ချင်းပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုများ ဒီထက်မက ပိုများလာအောင် ဆွဲဆောင်ရမည်ဖြစ်ပြီး လာရောက်ရင်းနှီးမြှုပ်နှံသူများကို အခွန်များ မှအစ ဖြေလျော့ထားပြီး လျှပ်စစ်မီး၊ လမ်း နှင့် နာမည်ပေါက် မြေပိုင် ဆိုင်မှုများပေးပြီး ဖိတ်ခေါ်မှသာ ရင်းနှီးမြှုပ်နှံ မှုများ ဒီထက်မက ပိုမိုဝင်ရောက်လာပြီး ဒေသဖွံ့ဖြိုးရေး အတွက် များစွာ အထောက်ကူပြုနိုင်ကြောင်း ဝန်ကြီး ဦးစိုးထက်ကပြောသည်။
ချင်းပြည်နယ်ရှိ မြို့နယ်များမှ အခြေခံ အဆောက်အအုံနှင့် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများ၊ စိုက်ပျိုးရေး၊ အော်ဂဲနစ် စိုက်ပျိုးရေးနှင့် ရိုးရာအထည်ရက်လုပ်ငန်းများ၊ ခိုနူးစုမ် အမျိုးသားဥယာဉ်၊ ကီမိုသဘာဝ တောရိုင်းများ ဘေးမဲ့တော၊ ဇိန်မှုအမျိုးသားဥယာဉ်၊ ရိဒ်ရေကန် နှင့် ခွာဒို ပွဲတော်၊ မဏိပူရ်၊ လေးမြို့မြစ်၊ တီးတိန်မြို့နယ် ဘဝင်နုမှ ရေအား၊လေအား လျှပ်စစ်လုပ်ငန်းများကို ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံပွဲတွင် ပြသခဲ့သည်ဟု သိရသည်။
ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု ပွဲတော်ကို မက်လ ၁၆ ရက်နေ့တွင် ရန်ကုန် မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာတွင် နှစ်ရက်အကြာကျင်းပခဲ့ပြီး ချင်းပြည်နယ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရန် ရည်ရွယ်ကျင်းပခဲ့သည်ဟုလည်း သိရှိရပါသည်။







