UNHCR ဆုံးဖြတ်ချက် အပေါ် ပါတီခေါင်းဆောင်များနှင့်အရပ်ဖက်လူမှုအဖွဲ့ အစည်းခေါင်းဆောင်များအမြင်

UNHCR ဆုံးဖြတ်ချက် အပေါ် ပါတီခေါင်းဆောင်များနှင့်အရပ်ဖက်လူမှုအဖွဲ့ အစည်းခေါင်းဆောင်များအမြင်

ကမ္ဘာ့ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး ( UNHCR ) က ချင်းလူမျိုးဒုက္ခသည်အဖြစ်ခံယူသူများကို နိုင်ငံတကာ အကာ အကွယ်ပြန်ပေးဖို့ ဆုံးဖြတ်ချက်ချသည့်အပေါ် ပါတီခေါင်းဆောင်များနှင့်အရပ်ဖက်လူမှုအဖွဲ့ အစည်းခေါင်းဆောင်များအမြင်

မလေးရှား/ အိန္ဒိယနေ ချင်းလူမျိုးဒုက္ခသည်အဖြစ်ခံယူသူ တွေကို နေရပ်အေးချမ်းပြီဆိုတဲ့ အကြောင်းပြချက်နဲ့ ကမ္ဘာ့ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး ( UNHCR ) က နိုင်ငံတကာအကာအကွယ်ပေးမှု (International Protection ) မပေးတော့ပဲ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့နောက်ဆုံး နေရပ်ပြန်ပို့ဖို့ ၂၀၁၈ ခုနှစ် ဇွန်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီလို UNHCR ရဲ့ထုတ်ပြန်ချက်ထွက်လာပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံတွင်းရှိ ချင်းလူမှုအဖွဲ့အစည်း၊ ချင်း နိုင်ငံရေးပါတီများက ဒီဆုံးဖြတ်ချက်ဟာ တစ်ဖက်သတ်ဆန်ပြီး လက်တွေ့မကျကြောင်း၊ ပြန်လည်သုံးသပ်သင့်ကြောင်း ကြေညာချက်တွေထုတ်ပြန်ခဲ့ကြသလို မလေးရှား၊ အိန္ဒိယနိုင်ငံအပါအဝင် နိုင်ငံတကာက ချင်းလူမှုအဖွဲ့အစည်း၊ ဘာသာရေးအဖွဲ့အစည်း တွေက ဒီကိစ္စကို UNHCR အနေနဲ့ပြန်လည်သုံးသပ်သင့်ကြောင်း နှိုးဆော်တိုက်တွန်းမှုတွေပြုလုပ်ခဲ့ပါတယ်။ ဒီအရေးမှာ သြစတေးလျလွှတ်တော်အမတ်ကိုယ်တိုင် ချင်းဒုက္ခသည်များအရေးနဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားခဲ့ပါတယ်။ UNHCR ရဲ့အကာအကွယ်အောက်အောက်မှာ မှတ်ပုံတင်ထားတဲ့ ချင်းဒုက္ခသည်ပေါင်း ၁၈၀၀၀ ရှိသည့်အနက် မလေးရှားတွင် ၁၅၀၀၀ ကျော်ခိုလှုံနေပြီး အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ နီပေါနိုင်ငံမှာလည်း ရှိကြောင်း UNHCR က ဖော်ပြထားပါတယ်။ UNHCR အနေဖြင့် မြန်မာနိုင်ငံ ချင်းပြည်နယ်တောင်ပိုင်းဖက်တွင် အခြေအနေဆိုးရွားလျက်ရှိပြီး လုံခြုံရေးမရှိသေးခြင်းကြောင့် ချင်းဒုက္ခသည်များကို နိုင်ငံတကာအကာအကွယ်ပေးဖို့လိုအပ်ကြောင်း မတ်လ ၁၄ ရက်နေ့ကထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဆလိုင်းအိုင်ဇက်ခင် ( အေးချမ်းမြန်မာ အင်စတီးကျူ)

UNHCR ကချင်းလူမျိုးဒုက္ခသည်တွေအတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဆုံးဖြတ်ချက်ကို ချတယ်လို့ပဲပြောရမယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့ ချင်းပြည်နယ် ပလက်ဝဒေသဖက်ဆိုရင် လက်ရှိအနေအထားမှာ မလုံခြုံဘူးဖြစ်နေသေးတာပေါ့။ ဒါကြောင့် ချင်းလူမျိုးဒုက္ခတွေကို နိုင်ငံတကာရဲ့ အကာအကွယ်ပေးဖို့ ဆက်လုပ်တာက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဆုံးဖြတ်ချက်ပေါ့။ အချို့ကျတော့လည်း တစ်နှစ်အတွင်းမှ သွားကြတာမဟုတ်ဘူး။ လေးငါးခြောက်နှစ်ရှိပြီးသူတွေဖြစ်တယ်။ သူတို့တွေပြန်လာဖို့ဆိုတာက လွတ်ငြိမ်းချမ်းသာခွင့်လိုတယ်။ အစိုးရအနေနဲ့ လုံလောက်တဲ့ ပြင်ဆင်မှုတွေ၊ အာမခံချက်တွေလိုအပ်တယ်ဆိုတာ ကျွန်တော်လည်းပြောခဲ့ဖြစ်တယ်။ အစိုးရအနေနဲ့လည်း ချင်းဒုက္ခသည်တွေပြန်လာဖို့အတွက် လိုအပ်တဲ့ပြင်ဆင်မှုမလုပ်နိုင်သေးတဲ့ အနေအထားမရှိသေးဘူးလို့မြင်တာကိုး။ နိုင်ငံရေးခိုလှုံခွင့်တောင်းကြတဲ့သူတွေအနေနဲ့ပြန်လာတဲ့အခါမှာ သူတို့ရဲ့ ဥပဒေကြောင်းအရ လုံခြုံရေးအရ အာမခံချက်လိုပါတယ်။ အစိုးရဖက်ကလည်း တရားဝင်အဲဒါကို စာရွက်စာတမ်းနဲ့အာမခံချက်ပေးနိုင်တဲ့အနေအထားနဲ့မထုတ်ပေးဘူးပေါ့လေ။ ဒါကြောင့် ကယံကရှင်တွေအနေနဲ့လည်း ဒါကိုစိုးရိမ်တဲ့အနေအထားဖြစ်တယ်ဆိုပြီး သုံးသပ်လို့ရတယ်။ ပြန်လာတဲ့အချိန် မှတ်ပုံတင်လုပ်တာကအစ၊ နေရေးထိုင်ရေးကအစ၊ ကလေးတွေရဲ့ပညာရေးကအစ အစိုးရရဲ့အာမခံချက်လိုအပ်တယ်လို့သူတို့မြင်တယ်။ သူတို့ပြန်လာခဲ့သည်ရှိသော်ဖြစ်ဖြစ်ပေါ့ လက်ရှိ အဲန်အယ်ဒီအစိုးရလက်ထက်မှာတော့ ပြသနာမရှိပေမယ့် နောက်နောင်မှာ ဒီကိစ္စတွေက စာရွက်စာတမ်းနဲ့ပြန်လာတာမဟုတ်တဲ့အတွက် နောင်တစ်ချိန်မှာ ဒါတွေက ဥပဒေကြောင်းအရ ထိခိုက်စေနိုင်သလားဆိုပြီး စိုးရိမ်ချက်တွေရှိတယ်။ ဒါကို UNHCR ကလည်းသုံးသပ်ပုံရတယ်။ ဒါကြောင့် ချင်းလူမျိုးဒုက္ခသည်တွေကို UNCHR က နိုင်ငံတကာအကာအကွယ်ပေးသင့်သေးတယ်လို့ ဆုံးဖြတ်တာလို့မြင်တယ်။



ဒေါ်ဆုန်ဇီးမန် ( ချင်းဒီမိုကရေစီအဖွဲ့ချုပ်)

တကယ်ဝမ်းသာစရာပါပဲ။ ကျွန်မတို့နေရပ်ဟာ အလုပ်ကိုင်အခွင့်အလမ်းလည်းမရှိဘူး။ လုပ်ကြီးကိုင်ကြီးလုပ်မယ်ဆိုရင်တောင် အဲဒီဟာအတွက်မရှိဘူး။ ဒါကြောင့် နိုင်ငံခြားထွက်အလုပ်လုပ်နိုင်တာဟာ ဘုရားကျေးဇူးတော်လို့ကျွန်မတို့ကမြင်တာဖြစ်တယ်။ အခုလို ဆုံးဖြတ်ချက်ဖြစ်လာအောင် လုပ်ဆောင်ပေးသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် သြစတေးလျလွှတ်တော်အမတ်ကလည်း ဦးစီးဦးဆောင်လုပ်ပြီး ဝိုင်းကူပေးတဲ့အတွက် ကျေးဇူးတင်တယ်။ အားနည်းတဲ့ ကျွန်မတို့ကို ကူညီတယ်။ ချင်းတောင်အထိလည်းလာတယ်။ အစည်းအဝေးတွေမှာလည်း အများကြီးသူက ဖိဖိစီးစီးပြောပေးတာတွေအတွက် ဝမ်းသာပါတယ်။ အခုလိုဆုံးဖြတ်ဖြစ်လာတာ အရမ်းကောင်းပါတယ်။ နောက်ပိုင်းမှာလည်း ချင်းလူမျိုးအချင်းချင်းအခုလို ပူးပေါင်းပြီး ဝိုင်းဝန်းကူညီကြရအောင်လို့ပြောချင်ပါတယ်။

ဒေါက်တာ ငွန်ဇာကျုံး ( All Chih Society Yangon )

ဒီဆုံးဖြတ်ချက်ကို UNHCR ကဆုံးဖြတ်ချက်ချပြီးတာနဲ့ ကျွန်တော်တို့ကိုလည်းပို့တယ်။ ဒီကိစ္စမှာ ကျွန်တော့်အမြင်မှာတော့ အခုချိန်မှာ ပလက်ဝမှာဖြစ်ဖြစ် စစ်ပွဲတွေဖြစ်တော့ ငြိမ်းချမ်းရေးမရှိဘူး။ ချင်းပြည်နယ် မြောက်ပိုင်းဖက်မှာ ဘာစစ်ပွဲမှမရှိဘူး။ ပလက်ဝဖက်မှာပဲစစ်ပွဲဖြစ်တယ်ဆိုပြီး ခွဲခြားပြောလို့မရဘူး။ UNHCR ဆိုရင် ကျွန်တော်တို့ ACSY အမြဲခေါ်လို့အမြဲသွားတယ်။ ဒါပေမယ့် ဒီကိစ္စကို ကျွန်တော်တို့ရဲ့အွန်လိုင်းမှာမတင်တော့ဘူး။ ဘာလို့လဲဆိုတော့ မလေးရှားဖက်က ချင်းတွေက သိပ်ပြီးတော့ သဘောမကျဘူး။ ကျွန်တော်တို့ရဲ့မကောင်းတဲ့အကြောင်းတွေလည်းပြောကြတာလည်းရှိတာကိုး။ UNHCR ကကျွန်တော်တို့နဲ့တွေ့တဲ့အချိန်မှာ ကျွန်တော်တို့ပြောနေတာတော့ရှိတယ်။ ဒီလောက်ချင်းပြည်နယ်မှာ မအေးချမ်းသေးတာ၊ ပလက်ဝမှာ စစ်ပွဲတွေဖြစ်နေသေးတာဆိုတော့ ကျွန်တော်တို့က ပြန်လာကြပါလို့ပြောဖို့ဆိုတာ မဖြစ်သင့်ဘူး။ ကယံကရှင်တွေရဲ့ဆုံးဖြတ်ချက်ပဲဖြစ်တယ်လို့ပြောတယ်။ ဒါကြောင့် မပြန်ခိုင်းသင့်သေးဘူးဆိုပြီးပြောတယ်။ချင်းကိုယ်စားပြုနဲ့ကိုပြောတာဖြစ်တယ်။ ချင်းပြည်နယ်ရဲ့မြောက်ပိုင်းဖက်ကတော့ အေးချမ်းတယ်၊ တောင်ပိုင်းဖက်ချမ်းကတော့ မငြိမ်းချမ်းသေးဘူးဆိုပြီး မြောက်ပိုင်းဖက်မှာ ချင်းဒုက္ခသည်တွေ ပြန်နိုင်ပြီး တောင်ပိုင်းဖက်ခြမ်းမှာ မပြန်နိုင်ဘူးဆိုတာလည်း အဓိပ္ပါယ်မရှိဘူး။ ချင်းပြည်နယ်တစ်ခုလုံးမှာ မငြိမ်းချမ်းသေးဘူးဆိုတာအားလုံးကို ခြုံငုံပါတယ်။ ဒီလိုပြောဆိုတာတွေကြောင့် UNHCR ကဆုံးဖြတ်ချက်တွေကိုပြန်ရုတ်သိမ်းတာလို့ထင်တယ်။ နောက်တစ်ခုအနေနဲ့ ကျွန်တော်တို့က All Chin ဆိုပေမယ့် တစ်ခြားအဖွဲ့အစည်းတွေကလည်း ချင်းဒုက္ခသည်တွေ ပြန်လာရင် ဒုက္ခရောက်မယ်ဆိုပြီးပြောကြတယ်လို့ယုံကြည်တယ်။ ကျွန်တော်တို့ကလည်းအဲဒါကို ပြောတာဖြစ်တယ်။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ပထမကတော့ ချင်းပြည်နယ်မငြိမ်းချမ်းသေးဘူး။ ဒုတိယကတော့ ကျွန်တော်တို့အဖွဲ့ဖြစ်ဖြစ် တစ်ခြားအဖွဲ့အစည်းတွေဖြစ်တဲ့ ပြည်တွင်းအဖွဲ့အစည်းတွေက ပြောတာကို UNHCR ကအလေးထားတယ်လို့ထင်တယ်။ ပြည်ပအဖွဲ့ကသူတွေကတော့ ပြည်ပမှာနေတာဖြစ်တဲ့အတွက် သူတို့ပြောတာအားလုံးလက်ခံစရာမရှိဘူး။ ပြည်တွင်းဖက်ကဟာကိုပဲ အဓိကယူကြတာဖြစ်တယ်။ နောက်တစ်ခုက ပြည်ပမှာလည်း ချင်းလူ့အဖွဲ့အစည်းတွေရှိကြတယ်။ လူဆိုတာ မီးရှို့လို့လူသိသလိုပေါ့။ ခရစ်တော်ရဲ့ကယ်တင်ခြင်းကလည်း ဟောပြောမှုကြောင့်သိရှိလာတာဖြစ်တယ်။ အဲသလိုပဲ သူတို့တွေလည်းသိလာတာပေါ့။ ဒါကြောင့် ဒီကိစ္စတွေကြောင့် UNHCR ရဲ့ဆုံးဖြတ်ချက်ဖြစ်လာတယ်လို့မြင်တယ်။

ဆလိုင်းဆန်နှင်းလျန် ( ချင်းလူ့အခွင့်အရေးအဖွဲ့ )

မလေးရှားမှာရှိတဲ့ ချင်းဒုက္ခသည်တွေနဲ့ တခြားနိုင်ငံမှာရှိတဲ့ ချင်းဒုက္ခသည်တွေအတွက် UNHCR က နိုင်ငံတကာအကာကွယ်ပြန်ပေးဖို့၊ ပြန်လည်ကာကွယ်ပေးဖို့ မေတ္တာထားပေးတဲ့အတွက် CHRO အနေနဲ့ ကြိုဆိုပါတယ်။ ဒုက္ခခံနေတဲ့ချင်းပြည်သူအတွက် အတတ်နိုင်ဆုံး လူ့အခွင့်ရေးအခြေအနေတွေကို ပြန်လည်မှတ်တမ်းတင်ပြီးတော့ UNHCR ကိုဆက်လက် Document တွေကိုဆက်လက်ပေးဖို့ စီစဉ်ထားတယ်။ UNHCR ရဲ့ဆုံးဖြတ်ချက် ကိုလှိုက်လှိုက်လှဲလှဲကြိုဆိုတယ်။ ကျွန်တော်တို့ ချင်းတွေအတွက် ကျေးဇူးတင်တယ်။ UNHCR အနေနဲ့သူတို့ရဲ့ ဆုံးဖြက်ချက် ခိုင်မာလာဖို့ ချင်းပြည်မှာဖြစ်တဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်သုံးသပ်ပြီးတော့ သူတို့ဆီမှာ ဆက်လက်ပြီးပံ့ပိုးပေးမယ်။ ဒုက္ခသည်အဖြစ် နေထိုင်တဲ့သူတွေအတွက် အကောင်းဆုံးဖြစ်ဖို့လည်း ကျွန်တော်တို့ ဆက်လက်ပြီးကြိုးစားသွားမယ်။

ကိုလျန်တွောင် ( ချင်းတောင်သယံဇာတစောင့်ကြည့်ရေးအဖွဲ့)

ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့သူတွေက ဘယ်လိုပဲလုပ်လုပ် ဒုက္ခသည်တွေကိုယ်တိုင်ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံပေးဖို့ကအဓိကပေါ့။ အခုလို UNHCR က သူတို့ကို ပြန်လက်ခံပေးတာကိုဝမ်းသာတယ်။ အရင်က ကျွန်တော်တို့ကြားတာက ဒုက္ခသည်တွေကို နိုင်ငံတကာ အကာအကွယ်မပေးတော့ဘူးဆိုပြီးတော့လေ။ အဲဒါအတော်လေးကို သဘာဝမကျတဲ့လုပ်ရပ်ကိုး။ အဲဒီကိစ္စရဲ့နောက်ကွယ်မှာ တစ်ခြားကိစ္စရှိမယ်ဆိုပြီးတော့ ခံစားမိပြီးသားပါ။ ဒါပေမယ့် အခုလို ပြန်ဖွင့်ပေးတဲ့အတွက် အရမ်းဝမ်းသာတယ်။ အဓိကတော့ ကယံကရှင်တွေရဲ့သဘောထားကို အလေးထားဖို့လိုတယ်။

ဆလိုင်းကျဲအိုဘိခ်ထောင်း ( ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ )

ဝမ်းပန်းတစ်သာကြိုဆိုပါတယ်။ ဒီလိုပြန်လည်သုံးသပ်ဖို့ သူတို့အနေနဲ့ အရင်ကချင်းဒုက္ခသည်တွေကို ပြည်တွင်းပြန်ဖို့အရေးကိုဘဲ သူတို့လုပ်တဲ့ကိစ္စကို ကျွန်တော်တို့အနေနဲ့ ပြန်လည်သုံးသပ်ဖို့ဆိုပြီးတော့ အတန်တန်စာလည်းရေးတယ်။ ကြေညာချက်လည်းထုတ်ပြန်တယ်။ ကျွန်တော်တို့ချင်းပါတီတွေနဲ့ ဆိုရင် မလေးရှားသံရုံးတွေရော မလေးရှားမှာရော မြန်မာနိုင်ငံအတွင်းမှာရော UNHCR အပါအဝင် ကျွန်တော်တို့ သက်ဆိုင်ရာတွေကို တိုက်တွန်းနှိုးဆော်တဲ့ လုပ်ငန်းတွေ အများကြီးလုပ်တယ်။ ကျွန်တော်တို့တင်မကပါဘူး။ ချင်းအဖွဲ့အစည်းတွေ CHRO တို့ တခြားနိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ လက်တွဲပြီးတော့ တိုက်တွန်း နှိုးဆော်ခဲ့တယ်။ အဲဒီဟာတွေရဲ့ အကျိုးရလဒ်တွေ ဖြစ်တဲ့အတွက် ကျွန်တော်တို့ကြိုဆိုပါတယ်။ တစ်နည်းပြောရရင် UNHCR ရဲ့ တကယ့်အောက်ခြေရင်း ပဂဓိအဖြစ်မှန်ဖြစ်တဲ့ ချင်းပြည်နယ်အတွင်းမှာရှိတဲ့ မငြိမ်းချမ်းမှုအနေထားကို အမှန်တကယ် သိရှိသွားတဲ့အတွက် သူတို့ရဲ့ရပ်တည်ချက်ကိုလည်း ပြန်လည်သုံးသပ်တဲ့အတွက်ကြောင့် ဒါလည်းသူတို့မှန်ကန်တဲ့ ဆုံးဖြက်ချက်ဖြစ်ပါတယ်လို့ ကျွန်တော်တို့သုံးသပ်ပါတယ်။

ဒေါ်ဇာတလဲမ်း ( ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း)

ကျွန်မအမြင်မှာတော့ အခုလိုချင်းလူမျိုးဒုက္ခသည်တွေကို ပြန်လက်ခံတာကို ဝမ်းသာပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့နိုင်ငံဟာ မအေးချမ်းသေးဘူး။ စစ်ပွဲကိစ္စတစ်ခုတည်းနဲ့လည်းမရဘူး။ ဖက်ဒရယ်တောင်မရသေးပဲ ဖက်ဒရယ်ရဲ့မူဘောင်တောင်မရသေးတာကို ဒီနိုင်ငံကို အေးချမ်းပြီလို့ပြောလို့မရဘူး။ တိုင်းရင်းသားတွေအနေနဲ့ ဖက်ဒရယ်ရပြီး ကိုယ့်ဟာကို စီမံအုပ်ချုပ်နိုင်ပြီးမှသာလျှင် ဒီနိုင်ငံအေးချမ်းတည်ငြိမ်တယ်လို့ ကျွန်မကတော့ လက်ခံတယ်။ ဒါကြောင့် အခုဒီမိုကရေစီရပြီဆိုတာကလည်း အခုမှ လမ်းစခင်းတဲ့အနေအထားပဲဖြစ်တယ်။ အဲန်အယ်ဒီအစိုးရကို အပြစ်ပြောတာတော့မဟုတ်ဘူး။ အခုအစိုးရသက်တမ်းမှာ ဘာအပြောင်းအလဲမှမရှိနိုင်သေးပဲ ပလက်ဝဖက်မှာလည်း စစ်ပွဲတွေကဖြစ်နေတုန်း။ ဒါကြောင့် ချင်းလူမျိုးဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ဆိုပြီး လုပ်တုန်းက အရမ်းဝမ်းနည်းခဲ့တယ်။ ကိုယ်ကိုတိုင် လွှတ်တော်ကိုယ်စားလှယ်လုပ်ခဲ့တုန်းကလိုမျိုးဆိုရင်တော့ ကိုယ့်စကားကိုနားမထောင်ကြဘူးဆိုရင်တောင် လွှတ်တော်မှာလည်း ဆွေးနွေးတင်ပြခဲ့မှာပဲ။ အခုဆိုရင် ဒီကိစ္စမှာ လွှတ်တော်မှာလည်း ပြောဆိုပေးမယ့်သူ မရှိဘူးဆိုပြီး စာလည်းရေးခဲ့ဖူးတယ်။ အခု ကိုယ့်ညီအစ်ကိုမောင်နှမတွေရဲ့ကြိုးစားမှုတွေကြောင့် ချင်းလူမျိုးဒုက္ခသည်တွေအတွက် လမ်းကြောင်းပြန်ပွင့်တာကို ဝမ်းသာပါတယ်။ ကျွန်မတို့နိုင်ငံက လုံးဝစိတ်ချရတဲ့အနေအထားမဟုတ်သေးဘူး။ ဖက်ဒရယ်မရမချင်း ဘယ်တော့မှတည်ငြိမ်တယ်လို့လက်မခံနိုင်ပါဘူး။

ပူးနိုထန်ကပ် ( ချင်းတိုးတက်ရေးပါတီ )

အရမ်းကောင်းတယ် ကြိုဆိုရမယ်။ မြန်မာပြည်ပြန်လာဖို့ မြန်မာပြည်အခြေအနေမှမကောင်းတာ။ နိုင်ငံခြားရောက်ပြီးသား ချင်းလူမျိုးတွေအတွက်လည်း သူတို့အတွက်လုံခြုံမှုလည်းရှိတယ်။ နောက်ပြီးမျော်လင့်ချက်လည်းရှိတယ်။ ကျွန်တော်တို့နိုင်ငံထက် တိုးတက်တဲ့နိုင်ငံမှာ ကျွန်တော်တို့ချင်းတိုင်းရင်းသားတွေ သွားနေလိုက်တော့ ရာနှုန်းပြည့် အကျိုးပေးမှာဘဲ။ ဟိုမှာတတ်တဲ့ပညာတွေ၊ ရတဲ့ငွေတွေကို တိုးတက်ရာတိုးတက်ကြောင်း ပြန်အသုံးချနိုင်ရင် မမှားဘူးလို့မြင်တယ်။ နောက်တစ်ချို့မလေးရှားမှာရှိတဲ့ သူတွေအတွက်လည်း လုံခြုံရေးကအစ သူတို့အာမခံချက်ရှိသွားတာပေါ့။

Most read this week

December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...
December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...