၂၀၁၈ ခုနှစ်အတွင်း ချင်းပြည်နယ်တစ်ဝှမ်း ကလေးငယ် (၆၀၀) ကျော်သေဆုံး

၂၀၁၈ ခုနှစ်အတွင်း ချင်းပြည်နယ်တစ်ဝှမ်း ကလေးငယ် (၆၀၀) ကျော်သေဆုံး

ချင်းပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း ကလေးသေဆုံးမှုဦးရေ (၆၄၀) ရှိခဲ့ပြီး လူဦးရေအချိူးအစားနှင့်တွက်ချက်လျှင် ကန်ပက်လက်မြို့နယ်သည် အများဆုံးဖြစ်သည်ဟု ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ မှတ်တမ်းအရ သိရသည်။

ကလေးသေဆုံးမှုဆိုသည်မှာ မွေးကင်းစအရွယ်မှ အသက် (၅) အရွယ်ထိ ရောဂါတစ်ခုခုကြောင့် သေဆုံးသည်ကိုဆိုလိုပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ အထိ သေဆုံးသည့် အသက် (၅) နှစ်အောက် ကလေးငယ်အများစုမှာ ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့်ဟု ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ရှာရွန်ပါရ်ကပြောသည်။

“ကလေးသေဆိုရင် မွေးစကနေ ၅ နှစ်အထိပဲပါတယ်၊ အဓိကသေဆုံးရတဲ့အကြောင်းရင်းကတော့ ၂၀၁၈ ခုနှစ်အတွက် ဒို့တွေဆန်းစစ်ထားတဲ့ဟာကတော့ ပြင်းထန်အဆုပ်ရောင်ရောဂါပေါ့၊ ဒုတိယက လမစေ့ ပေါင်မပြည့် နောက်တစ်ခုက အသက်ရှူခက်ခဲတာပေါ့’’ ဟု ဒေါက်တာရှာရွန်ပါရ်ကပြောသည်။

မြို့နယ်အလိုက် ကလေးသေဆုံး မှုမှာ ဟားခါးမြို့နယ်တွင် (၄၀)၊ ထန်တလန်မြို့နယ်တွင် (၄၆)၊ ဖလမ်းမြို့နယ်တွင် (၃၈)၊ တီးတိန်မြို့နယ်တွင် (၁၁၄)၊ တွန်းဇံမြို့နယ်တွင်(၄၄) ၊ မင်းတပ်မြို့နယ်တွင် (၇၈)၊ ကန်ပက်လက်မြို့နယ်တွင် (၅၅)၊ ပလက်ဝမြို့နယ်တွင် (၁၄၃) နှင့် မတူပီမြို့နယ်တွင် (၈၂) ယောက် စုစုပေါင်း (၆၄၀) ရှိသည်ဟု ချင်းပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၏ မှတ်တမ်းအရ သိရသည်။

ကန်ပက်လက်မြို့နယ်တွင် ကလေးသေဆုံးမှု ဦးရေ (၅၅) ဦးရှိခဲ့ပြီး လူဦးရေအချိူးစားနှင့် တွက်ချက်နှိုင်းယှဉ်ကြည့်ပါက ချင်းပြည်နယ်တွင် အမြင့်ဆုံးဖြစ်သည်ဟု သိရသည်။

“ကန်ပက်လက်ကကျတော့ ကလေးအရှင်မွေးနဲ့ ပြန်တွက်လိုက်ရင် လူဦးရေနည်းပေမယ့် တစ်ယောက်သေတာက လူဦးရေနည်းတဲ့နေရာမှာ ပိုကြောက်ဖို့ကောင်းတယ်၊ ဥပမာ ပလက်ဝတို့ တီးတိန်တို့ဆိုရင် လူဦးရေက တစ်သိန်းစီလောက်ရှိတယ်၊ ပလက်ဝနဲ့ တီးတိန်မှာ တစ်ယောက်သေတာနဲ့ ကန်ပက်လက်မှာ တစ်ယောက်သေတာက ပိုကြောက်ဖို့ကောင်းတယ်၊ လူဦးရေနှင့် အရှင်မွေးနဲ့ ပြန်တွက်လိုက်တော့လေ ကန်ပက်လက်က အများဆုံးဖြစ်သွားတယ်’’ ဟု ဒေါက်တာကပြောသည်။

ချင်းပြည်နယ်တွင် ၂၀၁၈ ခုနှစ်အတွင်း ကလေးအရှင်မွေးစာရင်းမှာ (၁၂၉၉၈)ဦးရှိခဲ့ပြီး ယခုသေဆုံးမှုစာရင်းအရ ကလေး အရှင်မွေးအယောက်တစ်ထောင်လျှင် ကလေးငယ် အယောက်(၃၀) နှုန်းသေဆုံးသည့်သဘောဖြစ်သည်ဟု ဒေါက်တာ ရှရွန်ပါရ်က ဆက်ပြောသည်။

ချင်းပြည်နယ်၏ အကြီးမားဆုံး ကျန်းမာရေးပြသနာစိန်ခေါ်မှုမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုဖြစ်ပြီး ကလေးငယ် သေဆုံးမှု၏ (၆၀) ရာခိုင်နှုန်းသည် နေအိမ်တွင်သေဆုံးကြသည်ဟု ဒေါက်တာကပြောသည်။

“လမ်းပန်းဆက်သွယ်ရေးအခက်အခဲပေါ့ သွားရလာရ ခက်ခဲတဲ့အတွက်ကြောင့် ဆေးရုံ ဆေးပေးခန်းတွေကို အချိန်မှီမရောက်နိုင်ဘူးပေါ့နော် သေဆုံးမှု အများဆုံးက အိမ်မှာသေကြတယ် (၆၀%) ပေါ့နော် အိမ်မှာသေကြတယ် လမ်းမှာသေတာရှိသလို ဆေးရုံမှာသေတာ လည်းရှိတယ် ဆေးရုံမှာသေတဲ့ဥစ္စာတော်တော်များမျာကတော့ အချိန်နောက်ကျလို့သေတာများတယ် အခုသေဆုံးရ တဲ့အကြောင်းအရင်းတွေကို ကြည့်လိုက်တော့ ကာကွယ် ကုသလို့ရတဲ့ဥစ္စာတွေပဲ ပြင်းထန်အဆုတ်ရောင် ရောဂါဆိုရင် စောစောစီးစီးသိတာနဲ့ ရောဂါလက္ခဏသိပြီးတော့ ချက်ချင်းကုသမှုခံယူခဲ့မယ်ဆိုရင် လုံးဝသေနိုင်စရာ အကြောင်းမရှိဘူး ပြည်သူတွေအနေနဲ့ကျန်းမာရေးအသိပညာရှိဖို့လိုတယ် ဘယ်လိုမျိုးဆိုရင် အန္တရာယ်လက္ခဏဖြစ်တယ် ချက်ချင်းဆေးရုံ ဆေးခန်း ကျန်းမာရေးဝန်ထမ်းဆီသွားရမယ်ဆိုတာကိုသိရမယ်” ဟု ဒေါက်တာ ကဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ချင်းပြည်နယ်တွင် ကလေးသေဆုံးမှုမှာ အယောက် (၃၂၀) ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် အသေမွေး သည့် ကလေးငယ်များ၏ စာရင်းကိုပါထည့်တွက်ထားသည့်အတွက် အရေအတွက်တိုးလာခြင်းဖြစ်သည်ဟုသိရသည်။ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်အတွင်း (၅) နှစ်အောက်ကလေးငယ်သေဆုံးမှုကို နှိုင်းယှဉ်ကြည့်ပါက လျှော့ကျမှုမရှိကြောင်း သိရသည်။ ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မိခင်နှင့်ကလေးငယ် ကျန်းမာရေးအတွက် အထူးအားဖြည့် လုပ်ဆောင်သွားရန် ၂၀၁၉-၂၀၂၀ ခုနှစ် အတွက် စီမံကိန်းချမှတ်ထားသည်ဟုသိရသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...