ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်၊ ဟာခါး – မတူပီ ပြည်ထောင်စုလမ်းမကြီး လမ်းပိုင်းတချိူ့တည်ဆောက်သည့်နေရာမှာ အသုံးပြုသည့်ကျောက်များသည် အရည်အသွေးမပြည့်မှီသည့်အတွက် မတူပီချင်းလူငယ်များအဖွဲ့အစည်းမှ ကန့်ကွက်ကြောင်း သိရသည်။
ဟာခါး – မတူပီ ပြည်ထောင်စုလမ်းမကြီး မတူပီမြို့နယ်၊ ငလိုင်ကျေးရွာအတွင်း ကတ္တရာခင်းရန် ကျောက်ကန်ထရိုက်တာ ဦးငိုင်လျန်မှ ချထားပေးသည့် ကျောက်ကျဉ်း (၈) ကျဉ်းမှာ အသုံးပြုရန် အရည်အသွေးမပြည့်မှီကြောင်း လမ်းအထူး (၁၂) မှ တာဝန်ရှိသူ J.E – Salai Calvin မှ မတူပီအခြေစိုက်ချင်းလူငယ်များအဖွဲ့ထံ လာရောက်ကြည့်ရှုစစ်ဆေးပေးရန် အကြောင်းကြားခဲ့ကြောင်းသိရသည်။
ထို့နောက် မတူပီချင်းလူငယ်များအဖွဲ့အစည်းမှ တာဝန်ရှိသူများသည် အဆိုပါဒေသသို့သွားရောက်ကာ လမ်းအတွက် အသုံးပြုမည့်ကျောက်များကို သွားရောက်စစ်ဆေးခဲ့ကြပြီး အရည်သွေးများမပြည့်မှီကြောင်း တွေ့ရှိ၍ လုံး၀ အသုံးမပြုကြရန် ပြောဆိုခဲ့ကြသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ထံမှသိရသည်။
ထို့အပြင် ဦးငိုင်လျန်၏ ကျောက်ထုတ်သည့်နေရာသို့ ဆက်လက်စစ်ဆေးကာ အရည်အသွေးမပြည့်မှီသောကျောက်များကို ထုတ်ယူသယ်ဆောင်ခြင်းမပြုရန်၊ လမ်းခင်းသည့်နေရာများတွင် အဆိုပါကျောက်များကို ဆက်လက်တွေ့ရှိပါက သက်ဆိုင်ရာသို့ တိုင်ကြားမည်ဖြစ်ကြောင်း ချင်းလူငယ်အဖွဲ့အစည်းမှ တာဝန်ရှိသူများက အသိပေးပြောဆိုခဲ့သည်ဟု သိရသည်။







