မတူပီမြို့တွင် ခရိုင်အုပ်ချုပ်ရေးရုံးကို တည်ဆောက်မည့်မြေနေရာအတွက် ပညာရှင်များသုံးသပ်ချက် ရာခိုင်နှုန်း အမှတ်ပေးစည်းမျဉ်းများအရ ဖနိုင်၊ ငလိုင်ကျေးရွာဖက်တွင်တည်ဆောက်ရန် အမှတ်အများဆုံးဖြစ်၍ တည်ဆောက်ရန် မြေနေရာအတည်ပြုပြီးလျှင် စတင်အကောင်ထည်ဖော်တော့မည်ဖြစ်ကြောင်း ချင်းပြည်နယ် စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။
ဝန်ကြီးဦးစိုးထက်က “မတူပီခရိုင်ရုံးဆောက်ဖို့အတွက် ပြင်ဆင်နေတယ်။ အခုကထွေအုပ်ရုံးနဲ့ ဝန်ထမ်းအိမ်ရာတွေကတော့ကျပြီ။ ခရိုင်ရုံးမြေနေရာသေချာပြီဆိုတာနဲ့ တောက်လျှောက်ဘတ်ဂျက်ကချပေးမှာဖြစ်တယ်။ အဲလိုချပေးမှာ ဖြစ်တဲ့အတွက် ပညာရှင်တွေ သုံးသပ်ထားတဲ့မြေအတိုင်းဘဲ ချဖို့အတွက်လုပ်ထားပြီးပြီ။ ဦးစားပေးတစ်က ဂေါက်ကွင်းအပေါ်ဖက်ကဟာ၊ ဦးစားပေးနှစ်က အခုလက်ရှိမြို့နယ်အုပ်ချုပ်မှူးရုံးမြေနေရာပေါ့၊ ဦးစားပေးသုံးက ဖနိုင်နဲ့ငလိုင်ဖြစ်တယ်။ မြေအကျယ်အဝန်းနဲ့ တဆက်ဆက်တည်း ရမယ့်ဟာရယ် နောင်တစ်ချိန်တိုးတတ်လာမယ့် လူဦးရေနဲ့ အဲလိုစဉ်းစားတဲ့ အခါကျတော့ ရာခိုင်နှုန်း အမှတ်ပေးစည်းမျဉ်းနဲ့ ခွဲတာရှိတယ်။ ဂေါက်ကွင်းအပေါ်မြေက အမှတ်ငါးဆယ်မှာ နှစ်ဆယ့်ရှစ်မှတ်ရတယ်။ မြို့နယ်အုပ်ချုပ်ရေးရုံးနေရာကတော့ မြေဧက ၁ ဧကလောက်ဘဲရှိတယ် အဲဒီဟာကို အမှတ်ပေးစည်းမျဉ်းနဲ့ကြည့်တော့ သုံးဆယ့်ရှစ်မှတ်၊ ဖလိုင်၊ငလိုင်ကျေးရွာဖက်က လေးဆယ့်ခြောက်မှတ်ရတယ်။ ကျွန်တော်တို့အစိုးရဖွဲ့ကတော့ မြေဧက ကျယ်ဝန်းပြီးတော့ အမှတ်များများနဲ့ ပညာရှင်တွေ ရွေးတဲ့ဟာကိုသုံးရတယ်။ သူတို့စဉ်းစားတာ ရေမီးရနိုင်တဲ့အပေါ်နဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းတဲ့ဟာ၊ နောက်ဖွံ့ဖြိုးတိုးတတ်နိုင်တဲ့ နေရာကိုစဉ်းစားတာဖြစ်တယ်”ဟုပြောသည်။
သူကဆက်ပြီး “ခရိုင်ရုံးဆိုတာက အားလုံးရုံးပေါင်းက ၂၆ ရုံးလောက်ရှိတယ်။ အဲဒီဟာကိုတဖြည်းဖြည်းဆောက်သွားမှာ ဖြစ်တယ်။ တစ်ဝန်းတစ်ဝိုင်းထဲမှာ ခရိုင်ရုံးတို့ရှိသွားမယ် နောက်ပြီး ရုံးအပြင်ဝန်ထမ်းအိမ်ရာတွေပါ အများကြီး ဆောက်ရမှာ ဖြစ်တဲ့အတွက် မြို့ဖွံ့ဖြိုးရေးဦးစီးဌာနက နောင်ကိုဖွံ့ဖြိုးရေး စီမံကိန်းအရ အဲဒီနေရာကို ရွေးတာဖြစ်တယ်။ မြေနေရာအတည်ပြုတာနဲ့ ဆက်လုပ်တော့မှာဖြစ်တယ်။ ရုံးကိုမြန်မြန်ဆောက် လို့ရအောင်ဆိုပြီးတော့ ငါးဧကကိုရွေးပြီးတော့ ငါးဧကပေါ်မှာဘဲ ခရိုင်ထွေအုပ်ရုံးနဲ့ အိမ်ရာတော့ လုံလောက်တယ် ဆိုတော့ အဲဒီအတိုင်းလုပ်ဖို့စီစဉ်နေပါတယ်”ဟုပြောသည်။
ဖနိူင်၊ငလိုင်ကျေးရွာမှာ မတူပီမြို့နှင့် ရှစ်မိုင်ခန့်အဝေးတွင်တည်ရှိသည်။ ဖနိူင်၊ငလိုင်ကျေးရွာတွင် ခရိုင်ရုံးတည်ဆောက်ခြင်းကို ဒေသခံများဖက်မှလည်း ဝေဖန်မှုများမလုပ်တော့ဘဲ အားပေးသင့်ကြောင်း ဝန်ကြီးဦးစိုးထက်ကပြောသည်။
သူက“နောင်အနာဂတ်အတွက်ကို ခရိုင်ရုံးကိုအကောင်းဆုံး ဖြစ်တဲ့နေရာဘဲလို့ယူဆတယ်။ နီးချင်းဝေးချင်းကို စဉ်းစားစရာမလိုဘူး။ အရင်တုန်းကဆိုရင်လည်း မတူပီဆိုတာလည်း မင်းတပ်ခရိုင်ကို သွားနေရတာဘဲ။ မင်းတပ်နဲ့ မတူပီဆိုတာ မိုင်၁၀၂မိုင်လောက်ဝေးတယ်။ အခုဥစ္စာက ခုနှစ်မိုင်၊ ရှစ်မိုင်လောက်တော့ ဝေးမှာဘဲ အဲဒီလောက်အကွာဝေးကို ဝေးတယ်လို့ပြောလို့မရဘူး။ နောက်ပိုင်းခရိုင်နဲ့ ဒီဖက်ကမြို့နဲ့လည်း ဆက်သွားမှာဘဲ။ နောက်ပြီးတော့ ဒီကဖနိူင်နဲ့ငလိုင်ကျေးရွာတို့ကလည်း မြို့ရဲ့အစိတ်အပိုင်း တစ်ခုဖြစ်သွားမှာပေါ့။ လက်ရှိအဲဒီမှာ ခရိုင်လုပ်တဲ့အတွက် မတူပီမြို့ကြီးက ဘာမှဆုတ်ယုတ်သွားမှာမှ မဟုတ်တာ ပိုဖွံ့ဖြိုးဖို့ဘဲရှိတယ်။ ခရိုင်ရုံးကိုအဲဒီမှာထားမယ် ဥပမာ ခရိုင်ရုံးနဲ့မြို့ကရှစ်မိုင်ဝေးတယ်ဆိုပါတော့ အဲဒီဟာနဲ့ဆက်စပ်ပြီးတော့ ရေဇွာ၊လိုင်လင်းပီမြို့တို့ပလက်ဝမြို့တို့ရှိသေးတယ်။ ပလက်ဝဆိုရင် မတူပီခရိုင်ရုံးကိုလာဖို့ မိုင်၁၃၅ မိုင်လောက်ဝေးသေးတယ်။ အဲဒါတွေကိုကြည့်မယ်ဆိုရင် ခုနှစ်မိုင် ရှစ်မိုင်တို့ဆိုတာ စကားထဲထည့်ပြောစရာလိုမလဲ မတူပီကနေ မင်းတပ်ခရိုင်အထိသွားနေခဲ့ရတာ လူထုကသဘောထားကြီးကြီးနဲ့ အားပေးသင့်တယ်”ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။
မတူပီမြို့ကို ခရိုင်မြို့အဖြစ်တိုးမြှင့်ရန်အတွက် ယခင်ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်းလက်ထက်က အမှုတွဲတင်ထားခြင်းဖြစ်ပြီး NLD အစိုးရလက်ထက်တွင် ခရိုင်မြို့အဖြစ်တိုးမြှင့်ခံရသည်။
ခရိုင်ရုံးတည်ဆောက်မည့်နေရာနှင့်ပတ်သက်ပြီး မတူပီဒေသခံများမှ မြို့စည်ပင်ဧရိယာတွင် တည်ဆောက်စေလိုသူများနှင့် လက်ရှိအစိုးရသတ်မှတ်သည့် ဖနိုင်နှင့်ငလိုင်ကျေးရွာဖက်တွင် တည်ဆောက်စေလိုသည့် ဒေသခံလူထုများ အပြန်အလှန်ဆန္ဒဖော်ထုတ်မှုများရှိခဲ့သည်။







