မတူပီမြို့တွင်ကျင်းပခဲ့သည့် ၇၁ ကြိမ်မြောက် ချင်းအမျိုးသားနေ့ညတွင် လူငယ်များနှင့်ရဲများအကြားပဋိပက္ခ ဖြစ်ပွားခဲ့ရာ လူငယ်များမှ ရဲကားမှန်ကွဲစေခဲ့သည့် အမှုကိုမြို့နယ်ရဲစခန်းမှ အများပြည်သူပိုင်ပျက်စီးစေမှု ပုဒ်မ ၆၁ (က) ဖြင့်တရားစွဲထားပြီး အဆိုပါပုဒ်မဖြင့် တရားစွဲဆိုမှုသည် လူငယ်များ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာကျဆင်းနိုင်သည့်အတွက် အဆိုပါအမှုရုတ်သိမ်းပေးစေလိုကြောင်းချင်းအမျိုးသားနေ့ ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူးဦးပိုင်ဟုန်ကပြောသည်။
ချင်းအမျိုးသားနေ့ ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူးဦးပိုင်ဟုန်းက “ ကလေးတွေကလည်း ရည်ရွယ်ချက်မရှိဘဲ ရုတ်တရက်စိတ်တိုလို့ ဖြစ်သွားတဲ့ အတွက်ကြောင့် ဒီမှာကတော့ မြို့နယ်ရဲတပ်ဖွဲ့က ပုဒ်မ ၆၁ (က) နဲ့ အမှုဖွင့်ထားပြီးဖြစ်တဲ့အတွက်ကြောင့် နောက်လည်းဒီလိုမျိုးမဖြစ်အောင် လူငယ်များကိုဆုံးမသွားမှာဖြစ်တယ်။ အချုပ်ထဲရောက်လူငယ်များမှာ ကျောင်းသားလူငယ်များလည်း ပါရှိတဲ့အတွက် ထောင်ဒဏ်အနည်းဆုံး သို့မဟုတ်ပြစ်ဒဏ်အပေါ့ဆုံးချပေးနိုင်ဖို့နဲ့ လူငယ်များမှားယွင်းမှုပေါ် အထက်လူကြီးများမှ ခွင့်လွှတ်ပေးစေချင်တယ်။ လူငယ်များကလုံခြုံရေးအဖွဲ့ အမိန့်နာမခံပဲ ကျူးလွန်တဲ့အတွက်ကြောင့် ဆုံးမဖို့၊ လူငယ်များကပြသနာရှာ ကြတယ်။ ဒါကို ကျင်းပရေးကော်မတီများနဲ့ ရပ်မိရပ်ဖများက ဝိုင်းထိမ်းသိမ်းကြပြီး လူငယ်များက ငြိမ်းချမ်းစွာ လက်ခံကြပြီး အိမ်ပြန်ကြတယ်။
သူတို့ရဲ့ရှေ့လျှောက်ဘဝအတွက် ထောင်ဒဏ်က အနည်းနဲ့အများရှိတဲ့အခါ သူတို့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျသွားမှာစိုးရိမ်ရတယ်၊ ပြည်နယ်အစိုးရနဲ့ သက်ဆိုင်ရာ တရားလိုများအနေနဲ့ ဒီအမှုကို ဖြစ်နိုင်ရင်ရုပ်သိမ်းပေးလိုက်စေချင်တယ်ပေါ့”ဟုပြောသည်။
ဖြစ်စဉ်မှာ မတူပီမြို့နယ်ဖက်ရှိ ရွာဖက်က လူငယ်တစ်ယောက်မှ စင်ပေါ်မှ လုံခြုံရေးတာဝန်ကျနေသော ရဲကို အမျိုးမျိုးသွားနှောက်ယှက်ခဲ့ရာ စင်ပေါ်မှရဲမှ ဆင်းပြီး ရိုက်လိုက်သောကြောင့် လူငယ်မှာ ခေါင်းကွဲပြီးသွေးများထွက်ရာ လူငယ်များအားလုံးမှ ရုတ်တရက်စိတ်ဆိုးကြပြီး လူငယ် များမှ ဘောလုံးကွင်းအပြည့် ရဲများကိုဝိုင်းရန်ရှာခဲ့ကြပြီး ပွဲကျင်းရေးကော်မတီမှ ရဲများကိုကူညီ ကာကွယ်ပေးခဲ့ရကြောင်းဦးပိုင်ဟုန်းကပြောသည်။
ငလားရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆလောင်းက “ပွဲဆိုတော့ လူငယ်သဘောသဘာဝပျော်ကြတာလေ၊ အဓိကတော့ အရက်ကြောင့်ဖြစ်တယ်။ အရက်သောက်ပြီးအပျော်လွန်လို့ဖြစ်သွားတာ ဖြစ်တယ်။ ဒီလိုနောက်မဖြစ်အောင် အသိပညာပေး သဘောအနေနဲ့ပဲလုပ်ပြီး ပြင်းပြင်းထန်ထန် အရေးမယူသင့်ဘူးလို့တော့ ကျွန်တော်ထင်တယ်။ အခုအဖမ်းခံရတဲ့လူငယ်တွေမှာ အဖမ်းမခံသင့်ပဲ အဖမ်းခံရသူတွေလည်းရှိနေတယ်။အခု ဆယ်တန်းစာမေးပွဲကိုလည်း အချုပ်ထဲမှာ လူငယ်တစ်ယောက်က ဖြေနေရတယ်”ဟုပြောသည်။
လက်ရှိမတူပီရဲစခန်းတွင် လူငယ်အချို့ကိုဖမ်းဆီးထိန်းသိမ်းထားပြီး ဆက်လက် မတူပီ ရဲစခန်းမှ ပါဝင်ပတ်သက်သူ လူငယ်အားလုံးကို လိုက်လံရှာဖွေနေကြကြောင်း ဦးပိုင်ဟုန်ကပြောသည်။
ဦးပိုင်ဟုန်းက “ရုတ်တရက် ဖြစ်တဲ့ကိစ္စဖြစ်လို့ ကွဲသွားတဲ့ကားမှန်ကိုလည်း မတူပီမြို့မိမြို့ဖအားလုံးက ပြုပြင်ပေးသွားမယ်။ နေ့ထူးနေ့မြတ်ဖြစ်တဲ့အတွက် ရှေ့ဆက်ကျွန်တော်တို့ ချင်းအမျိုးသားနေ့ကို ကျင်းပတဲ့အခါ ရှေ့လျှောက်လူငယ်ပါဝင်မှုအားနည်းသွားမှာစိုးလို့ရယ်၊ လူထုပါဝင်မှုအားနည်း သွားမှာဆိုးလို့ ကျွန်တော်တု့ိဆက်လက်တောင်းဆိုပေးဖို့ဖြစ်တယ်။ ပြည်နယ်အစိုးရနဲ့ သက်ဆိုင်ရာ တရားလိုများအနေနဲ့ ဒီအမှုကို ဖြစ်နိုင်ရင်ရုပ်သိမ်းပေးလိုက်စေချင်တယ်ပေါ့။ နေ့ထူးနေ့မြတ်မှာ ဖြစ်သွားတဲ့ ပြသနာဖြစ်တဲ့အတွက် ဆက်လုပ်ဆောင်မဲ့လုပ်ငန်းတွေအတွက် အဟန့်အတားမရှိအောင် ကျွန်တော်တို့ကကြိုတင်ပြီးတော့တောင်းပန်ပေးဖို့၊ ဒါကရုတ်တရက်ဖြစ်သွားတဲ့ ကိစ္စဖြစ်တဲ့အတွက် မြို့ပေါ်ကလူငယ် ရွာဖက်ကလူငယ်တွေ အားလုံးနယ်ပေါင်းစုံက လူငယ်တွေပါနေတော့ အခုရဲတွေက လိုက်စုံစမ်းနေတယ်။ အယောက် တစ်ရာကျော်ကိုဖမ်းဖို့ကိစ္စက လွယ်တဲ့ကိစ္စလည်းမဟုတ်ဘူး”ဟုပြောသည်။







