ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ မဲဆန္ဒရှင်ပြည်သူများနှင့်ထိတွေ့ဆံမှု အားနည်းဟု စစ်တမ်းတစ်ခုဆို

ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ မဲဆန္ဒရှင်ပြည်သူများနှင့်ထိတွေ့ဆံမှု အားနည်းဟု စစ်တမ်းတစ်ခုဆို

ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် သူတို့မဲဆန္ဒနယ်မြေမှ ဒေသခံပြည်သူများနှင့် ထိတွေ့ဆက်ဆံမှုနည်းပါးပြီး ဒေသခံပြည်သူများကလည်း ၎င်းတို့၏ လွှတ်တော်ကိုယ်စားလှယ်များ မည်သူဖြစ်သည်ကို သိရှိမှုနည်းပါးသည်ဟု ဟားခါးမြို့အခြေစိုက် Chin Bridge Institute (CBI) ၏စစ်တမ်းအရ သိရသည်။

ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများအကြား ဆက်ဆံမှုအခြေအနေနှင့်ပတ်သက်၍ (CBI) အဖွဲ့အစည်းက ချင်းပြည်နယ် မြို့နယ် (၉) မြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် သြဂုတ်လမှ ဒီဇင်ဘာအထိ (၅) လကြာ ဒေသခံပြည်သူ (၁၀၀၀) ကျော်ကို စစ်တမ်းတစ်ခုကောက်ခံကြပြီး ပြည်သူ ၇၄ ရာခိုင်နှုန်းခန့်က ၎င်းတို့၏ လွှတ်တော်ကိုယ်စားလှယ်များကို မသိရှိကြကြောင်း တွေ့ရှိခဲ့ရသည်ဟု (CBI) ဒါရိုက်တာ ဆလိုင်းဗန်ကျူံးလျန်ကပြောသည်။

ယခုကဲ့သို့ ဖြစ်ရခြင်းမှာ လွှတ်တော်ကိုယ်စားလှယ်များနေဖြင့် မဲဆန္ဒရှင်ပြည်သူများနှင့် ထိတွေ့ဆက်ဆံမှု နည်းပါးမှု၊ လမ်းပန်းဆက်သွယ်ရေးမကောင်းမှုနှင့် နိုင်ငံရေးပိုင်းတွင် လူထုကိုယ်တိုင်စိတ်ဝင်စားမှုနည်းပါး နေသည့်အတွက်ကြောင့်ဖြစ်သည်ဟု ဆလိုင်းဗန်ကျူံးလျန်ကပြောသည်။

“ပထမချက်ကတော့ ပြည်သူတွေအနေနဲ့ နိုင်ငံရေးမှာ စိတ်ဝင်စားမှုအားနည်းနေတယ်၊ နောက်တစ်ခုတော့ လွှတ်တော်အနေနဲ့ သူတို့ ပြည်သူလူထုကိုဆက်ဆံရေးမှာဦးစားမပေးဘူး၊ နောက်တစ်ခုကတော့ လမ်းပန်းဆက်သွယ်ရေးမကောင်းဘူး၊ အမတ်တစ်ယောက်အနေနဲ့ ပြည်သူတွေနဲ့ သွားရောက်ထိတွေ့ဖို့ ခက်သွားတာပေါ့၊ လမ်းပန်းဆက်သွယ်ရေးကောင်းရင်လည်းပဲ၊ လွှတ်တော်အဆောက်အဦးများကောင်းရင်လည်းပဲ သွားလာရေးအတွက် အသုံးပြုမယ့် ယာဉ်တွေလုံလောက်မှုမရှိခြင်းကြောင့်လည်းဖြစ်ပါတယ်” ဟု ဆလိုင်းဗန်ကျုံး လျန်ကပြောသည်။

(CBI) အနေဖြင့် ၎င်းတို့၏တွေ့ရှိချက်များကို ချင်းပြည်နယ်လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်အထိ ပေးအပ်ခဲ့ကြပြီးဖြစ်သည်ဟု သိရသည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမှုထန်ကတော့ ပြည်သူတွေနှင့် လွှတ်တော်ကိုယ်စားလှယ်များကြား ထိတွေ့ဆက်ဆံမှု အားနည်းနေခြင်းသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့်ဟု ဆိုသည်။

“ချင်းပြည်နယ်ကသိတဲ့အတိုင်းပဲ၊ ပြည်မလိုမဟုတ်ဘူး၊ လမ်းပန်းဆက်သွယ်ရေးက အင်မတန်ခက်ခဲတယ်၊ ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကလည်းပဲ အတတ်နိုင်ဆုံး ကိုယ့်ဟာကိုယ် ကိုယ့်စားရိတ်နဲ့ကို သွားကြတဲ့အခါကျတော့ ကားရှိတဲ့သူကလည်း လမ်းမကောင်းရင် မစီးနိုင်ပြန်၊ ကားမရှိတဲ့သူက ဆိုင်ကယ်ကိုငှားရင် တစ်မိုင်ကို ၁၀၀၀ လောက်ပေးရတယ်လေ၊ အဲဒီတော့ ပြည်သူနဲ့တွေ့ဖို့ဆိုတာ နည်းနည်းတော့ နည်းမှာပါ၊ နည်းသော်လည်း ပြည်သူတွေဆီကနေ ကျွန်တော်တို့ကြားရတဲ့ သတင်းတွေအရ ကျွန်တော်တို့လွှတ်တော်မှာ အများကြီး လွှတ်တော်အနေနဲ့ ဖြေရှင်းပေးတာတွေလည်းရှိပါတယ်၊ ကျွန်တော်တင်ပြတာကို အစိုးရကနေပြီးတော့ လုပ်ပေးတာရှိမယ်၊ မလုပ်ပေးတာလည်းရှိပါတယ်” ဟု ဒေါက်တာမှုထန်ကပြောသည်။

အင်္ဂလန်နိုင်ငံအခြေဆိုက် Global Research Network on Parliament and People ၏ ပံ့ပိုးကူညီမှုဖြင့် Chin Bridge Institute (CBI) က ယခုကဲ့သို့ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီး နောက်နောင်တွင်လည်း စစ်တမ်းကောက်ယူများကို ဆက်လက်ပြုလုပ်သွားမည်သိရသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...