NLD ပါတီဗဟိုနဲ့ ချင်း-လွှတ်တော်ဥက္ကဌတို့ ဘောလီဘောပုတ်လို့ အဖြေမရှင်းနိုင်သေးတဲ့ ချင်းလွှတ်တော် ဒု-ဥက္ကဌအရေး

NLD ပါတီဗဟိုနဲ့ ချင်း-လွှတ်တော်ဥက္ကဌတို့ ဘောလီဘောပုတ်လို့ အဖြေမရှင်းနိုင်သေးတဲ့ ချင်းလွှတ်တော် ဒု-ဥက္ကဌအရေး

ချင်းပြည်နယ်လွှတ်တော်ရဲ့ ဒုဥက္ကဌကို ပါတီဗဟိုက ရာထူးကနေ နုတ်ထွက်ခိုင်းတာ နှင့်ပတ်သက်ပြီး အခုအချိန် ချင်းပြည်နယ်နဲ့ ချင်းလူမျိုးအကြားမှာ အတော်ကယက် ရိုက်နေတဲ့သတင်းဖြစ်နေ သလို အမြင်အမျိုးမျိုးကွဲထွက်လာပြီး ချင်းလူမျိုးတွေရဲ့ စည်းလုံးရေးထိခိုက်တဲ့ စကားလုံးများ ပင်ပေါ်ပေါက်တဲ့အထိ လူမှုကွန်ယက်စာ မျက်နှာ တွင် အငြင်းပွားဖွယ်ရာ ကိစ္စကြီးတစ်ခုအဖြစ် ဖြစ်လာနေပါတယ်။ ဒါဘာကြောင့်လဲ?

မကြာသေးမီရက်က အဲန်အယ်ဒီပါတီ ဒုတိယဥက္ကဌ (၂) ဒေါက်တာဇော်မြင့်မောင်ရဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ရက်စွဲပါ လက်မှတ်နဲ့အတူ ချင်းပြည်နယ် လွှတ်တော် ဒုဥက္ကဌ ဦးအောင်သန်း ကိုလိပ်မူကာ ဖေဖော်ဝါရီလ (၂၃) ရက်နေ့ နောက်ဆုံးထားပြီး ချင်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ တာဝန်များကနေ နှုတ်ထွက် ပါရန်နဲ့ နှုတ်ထွက်ခြင်းမပြုပါက လွှတ်တော်အတွင်း ပြစ်တင်ရှုတ်ချ နှုတ်ထွက်စေမည် ဖြစ် ကြောင်း နောက်ဆုံးအကြိမ်သတိပေးခြင်းလို့ ခြိမ်းခြောက်စာကဲ့သို့ပေးပို့ထားတဲ့ စာလူမှုကွန်ယက်ဆီပျံ့နှံ့ခဲ့ပါတယ်။ အဲဒီစာမှာ ဖေဖော်ဝါရီလ ၂ ရက်နေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များအပါအဝင် ချင်းပြည်နယ် ဝန်ကြီးချုပ်၊ ချင်းပြည်နယ် လွှတ်တော်ဥက္ကဌတို့ရဲ့ရှေ့မှောက်မှာ မိမိကိုယ်တိုင် ချင်းပြည်နယ် လွှတ်တော်ဒုတိယဥက္ကဌတာဝန်ကနေ မိမိဆန္ဒသဘောအတိုင်း နုတ်ထွက်ပါမယ်လို့ ဦးအောင်သန်းကိုယ်တိုင် ကတိခံဝန်ပြုခဲ့တယ်လို့ပါရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ချင်းပြည်နယ် လွှတ်တော်ဥက္ကဌက ရေးရာကော်မတီ အစည်းအဝေးမှာ အရိပ်အမြွတ်ပြောရာကနေ မီဒီယာတွေဆီ သတင်းစတင်ရောက်ရှိပြီး လူထုဆီပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စကို အတည်ပြုနိုင်ဖို့အတွက် မီဒီယာတွေကြိုးစား ပေမယ့်လည်း ချင်းပြည်နယ်လွှတ်တော်ဥက္ကဌကိုယ်တိုင် အသေအချာဖြေကြား ရှင်းလင်းခြင်းမရှိသလို၊ လွှတ်တော်ဒုဥက္ကဌကလည်း အဆက်အသွယ်မခံပါဘူး။ ချင်းပြည်နယ် လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲက အကုန်သိ သတင်းဌာနမှာ ဖြေကြားရာ မှာတော့ “ပါတီဗဟိုကထုတ်တယ်"လို့ဆိုပါတယ်”။

ခေါ်နူးသုမ်သတင်းဌာနမှာ လည်း“အပေါ်ကနားခိုင်းတာဆိုတော့ ကျွန်တော်တို့ဘာမှမသိပါဘူး”လို့ဖြေကြားခဲ့ပါတယ်။ ချင်းမီဒီယာ ကွန်ယက်အဖွဲ့ဝင်ဖြစ်တဲ့ ခေါ်နူးသုမ်က ပါတီဗဟိုပြောဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန့်ကို အဆိုပါကိစ္စမေးမြန်းခဲ့ရာ “ ကျွန်တော်တို့ ဒီသတင်းနဲ့ ဘာမှတ်ချက်မှ မပေးဘူး။ ဘာစာမှလည်းကျွန်တော်တို့ဆီမရောက်ဘူး” ဆိုပြီးပြန် ဖြေခဲ့ပါတယ်။ လွှတ်တော်ဒုဥက္ကဌ ဦးအောင်သန်းကို ရာထူးကနေ နှုတ်ထွက်အောင် နောက်ဆုံး အကြိမ် အသိပေးခြင်း လက်မှတ်ထိုးပြီး စာပေးပို့တဲ့ ပါတီဗဟိုဒုဥက္ကဌ - ၂ ဒေါက်တာ ဇော်မြင့် မောင်ကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က RFA သတင်းထောက်က အဆိုပါ ကိစ္စကို မေးမြန်းရာ ချင်းပြည်နယ် လွှတ်တော် ဥက္ကဌကိုပဲမေးမြန်းဖို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ချင်းပြည်နယ်လွှတ်တော် ဥက္ကဌကလည်း “မသိဘူး” လို့ပြော၊ နှုတ်ထွက်ဖို့ နောက်ဆုံးအသိပေးတဲ့ စာလက်မှတ်ရေးထိုးသူ ဒေါက်တာ ဖော်မြင့်မောင်ကလည်း ချင်းပြည်နယ်လွှတ်တော် ဥက္ကဌကိုပဲမေးပါဆိုပြီး ဘောလီ ဘောပုတ်နေကြပြီး အကြောင်းရင်းကို ဖုံးကွယ်ဖို့ကြိုးစားကြတယ်။ ဒီနေရာမှာ စဉ်းစားစရာက ဘယ်လိုအကြောင်းတရားတွေရှိလို့၊ ဘယ်လိုခိုင်လုံတဲ့တိုင်တောခံရမှု တွေရှိလို့ လွှတ်တော်ဒုဥက္ကဌက ပါတီဗဟိုကသူတွေနဲ့ ချင်းပြည်နယ် ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌတွေရှေ့မှာ ရာထူးကနေနားပါမယ်လို့ ပြောရတာလဲ။ ကိစ္စတစ်ခုခု ကြောင့် ပြသနာတက်ပြီး ဒေါသနဲ့ပြောတာလား။ အပြစ်ရှိကြောင်းဝန်ခံတာလား။ သူဝန်ခံတယ်လို့ပြောချိန်မှာ ဘာလို့ ချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဌက ရှိနေတာလဲ။ ပါတီဗဟိုကလူတွေနဲ့အတူ ချင်းပြည်နယ်အစိုးရအဖွဲ့က ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌတို့က စုံစမ်းစစ်ဆေးနေတာမို့လို့ ဒီဟာက တရားဝင်ဖြစ်ရတာလား။ ပွင့်ပွင့်လင်းလင်း မရှင်းလင်းလို့ စဉ်းစားစရာတွေကအများကြီးပါပဲ။

ချင်းပြည်နယ် စည်ပင်ဝန်ကြီးဟောင်း ဆလိုင်းအိုင်ဇက်ခင် ဝန်ကြီးရာထူးက နှုတ်ထွက်တုန်းကလည်း ဘာသတင်းမှ ဆက်မထွက်ပါဘူး။ ဝန်ကြီးဟောင်းကိုယ်တိုင် ရေပေးဝေရေး၊ ဟားခါးဈေးကိစ္စ၊ မြို့ပြစီမံကိန်းကိစ္စတွေမှာ တာဝန်မကျေဘူးဆိုပြီး သူ့အွန်လိုင်းစာ မျက်နှာမှာ ရေးသားတာကလွဲပြီး ကျန်ပြသနာတွေ လူထုတွေသိခွင့်မရှိခဲ့ပါဘူး။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ တိုင်းဒေသကြီးနဲ့ပြည်နယ် လွှတ်တော်ဥက္ကဌနဲ့ ဒုဥက္ကဌတွေရဲ့ တာဝန်ရပ်စဲခြင်းကို ပုဒ်မ ၁၁၃ (ခ) ပြည်သူ့လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌတို့၏ရပ်စဲခြင်းဆိုင်ရာ ပြဌန်းချက်အတိုင်းဆောင်ရွက်ရန်ဖြစ်ပြီး ဥက္ကဌအဖြစ်၊ ဒုဥက္ကဌအဖြစ် လွှတ်တော်မှ ရုပ်သိမ်းခြင်းခံရလျှင်ဖြစ်စေ၊ ကွယ်လွန်လျှင်ဖြစ်စေ ဥက္ကဌ (သို့) ဒုဥက္ကဌမှ ရပ်စဲပြီးဖြစ်စေရမယ်လို့ ပြဌန်းထားတာဖြစ်ပါတယ်။ သဘောကတော့ သေဆုံးခြင်း မဟုတ်ပါက လွှတ်တော်ကနေ သူ့ရာထူးကို ရုတ်သိမ်းခြင်းခံရဖို့ ဖြစ်ပါတယ်။ ဒါလည်းသဘာဝကျပါတယ်။ မဲခွဲဆုံးဖြတ်တော့ ပိုပြီးဒီမိုကရေစီ ကျတယ်ပြောရမယ်။

အဲလိုမဟုတ်ဘူးဆိုရင်တော့ ဥက္ကဌ၊ ဒုဥက္ကဌကိုယ်တိုင်နုတ်ထွက်ဖို့ လိုအပ်ပါတယ်။ ချင်းပြည်နယ် လွှတ်တော်ဒုဥက္ကဌကိုမူ အခုနုတ်ထွက်ဖို့ လွှတ်တော်ကဆုံးဖြတ်ပြော ဆိုခြင်းမဟုတ်ပဲ ပါတီက နုတ်ထွက်ခိုင်းခြင်းဖြစ်ပါတယ်။ ပါတီရဲ့ လွှတ်တော်အပေါ် စွက်ဖက်မှုကြီးမားတယ်ပဲ ပြောရမလား။ ဒါမှမဟုတ် ခိုင်မာတဲ့ ကျူးလွန်မှုအတွက် သက်ညှာတဲ့အနေနဲ့ ပါတီက ကိုယ်တိုင်နှုတ်ထွက်ခိုင်းတာဖြစ်နိုင်သလို အခြားအတွင်းပြသနာ တစ်စုံ တစ်ခု ကြောင့် လည်းဖြစ်နိုင်တယ်လို့ လူတွေကြားတွေးတောစရာဖြစ်လာတာဟာ ပါတီဗဟိုနဲ့ လွှတ်တော်ဥက္ကဌတို့ရဲ့ ပွင့်လင်းမြင်သာစွာ မချပြလို့ပဲဖြစ်ပါတယ်။

အဲန်အယ်ဒီပါတီအနေနဲ့ အစိုးရအဖွဲ့တွေ၊ လွှတ်တော်အကြီးအကဲတွေ တိုင်ကြားခံရမှု တွေကို စိစစ်ပြီး အပြစ်ရှိကြောင်းတွေ့ရင် စုံစမ်းစစ်ဆေးမှုမလုပ်တော့ပဲ ရာထူးကနေ အနားယူခိုင်းတာမျိုးရှိတယ်လို့ RFA ရဲ့မေးခွန်းနဲ့ပတ်သက်ပြီး ဆက်စပ် ဖြေကြားခဲ့ ပါတယ်။ အဲသလို နုတ်ထွက်ခိုင်းတာ ၁၂ ယောက်လောက်ရှိပြီလို့သိရပါတယ်။

ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကို အဆိုပါကိစ္စများ မေးမြန်းရာတွင်လည်း အချို့ကိုယ်စားလှယ်များက အဆိုပါသတင်းကိုအံ့သြသလို ဦးအောင်သန်းနှင့် ပတ်သက်ပြီး ပြသနာကြီးကြီးမားမား တစ်စုံတစ်ရာမသိရကြောင်း ဖြေကြားသူများ ရှိသလို ကိုယ်စားလှယ်အချို့ကလည်း ငွေကြေး အရှုပ်အရှင်းနဲ့ အာဏာအလွန်ကျွံ သုံးစွဲမှုများ ရှိနေတဲ့အတွက်လို့ မှတ်ချက် ပေးကြသူများလည်း ရှိနေပါတယ်။ သို့ပေမယ့်လည်း သေချာတိကျတဲ့အကြောင်း ပြချက်တွေက ရှိမနေဘူးဖြစ်နေ ပါတယ်။

ဒါကြောင့်လည်း မင်းတပ်လူမှုအရပ်ဖက်အဖွဲ့အစည်းတွေက လွှတ်တော်ဒုဥက္ကဌထံ အသိပေးစာတွင် ကျူးလွန်သည့်ပြစ်မှု၊ လုပ်ငန်းတာဝန်လစ်ဟင်းမှုကိုတစ်စုံတစ်ရာ ဖော်ပြထားခြင်းမရှိတဲ့အတွက် သက်ဆိုင်ရာ အစိုးရနဲ့လွှတ်တော်တို့မှ တာဝန်ရပ် ဆိုင်းခြင်းမျိုးမဟုတ်ပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီအနေဖြင့် တာဝန်မှ ရပ်ဆိုင်း ရန် ဆောင်ရွက်ချက်အပေါ် ကန့်ကွက်ရှုံ့ ချကြောင်း မနေ့ (ဖေဖော်ဝါရီ ၂၄) ရက်နေ့ က ထုတ်ပြန်ခဲ့ပါတယ်။

ဦးအောင်သန်းဟာ ၁၉၉၀ ကတည်းက အဲန်အယ်ဒီပါတီရဲ့ ဝါရင့် အမာခံပါတီဝင် ဖြစ်သလို လက်ရှိချင်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အတွင်းရေးမှုး တစ်ဦး လည်းဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ မင်းတပ်မြို့နယ်ကနေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာပြီး ချင်းပြည်နယ်လွှတ်တော်ဒု - ဥက္ကဌအဖြစ်တင်မြှောက်ခြင်းခံရသူဖြစ်ပါတယ်။

အခုလို ပွင့်လင်းမြင်သာမှုမရှိတဲ့ ရာထူးကနေ အနားယူခိုင်းတဲ့ကိစ္စရဲ့ အကျိုးဆက်က လွှတ်တော်ဒုဥက္ကဌ ဦးအောင်သန်းဟာ မင်းတပ်မြို့နယ်ကနေ ဝန်ကြီးတစ်ပါးမှ မရှိတဲ့ အတွက် မင်းတပ်မြို့နယ်တာဝန်ခံတစ်ဦးအဖြစ် ရွေးချယ်ခံထား ရသူဖြစ်သလို၊ တစ်ဖက် မှာ လူထုမဲနဲ့အရွေးကောက်ခံကိုယ်စားလှယ်ဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ အပြော အဆို၊ ပုတ်ခတ်မှုတွေ၊ တင်းမာမှုတွေ ဖြစ်စေလာပါတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ချင်းပြည်နယ်လွှတ်တော် တာဝန်ရှိသူအနေနဲ့ဖြစ်ဖြစ်၊ ပါတီဗဟိုက ပဲဖြစ်ဖြစ် ရှင်းလင်းတိကျတဲ့ အဖြေကို လူထုကို ချပြဖို့လိုအပ်နေပါတယ်။ ပါတီဗဟိုနဲ့ ပြည်နယ်လွှတ်တော်ဥက္ကဌတို့ရဲ့ ဘောလီဘော ပုတ်တဲ့ကိစ္စကိုလည်း တစ်ခါတည်း ဖြေရှင်းဖို့လိုပါတယ်။ အဲဒီအဖြေ အပေါ် လွှတ်တော် ဒုဥက္ကဌကအနေနဲ့ ပြန်လည် ချေပလိုရင်ဖြစ်ဖြစ် သတင်းစာရှင်း လင်းပွဲပြန်လည် လုပ်ဆောင်နိုင်ပါတယ်။ အခုလို ပွင့်လင်းမြင်သာမှုမရှိပဲ ပုန်းလျှိုးကွယ်လျှိုး လုပ်ရပ်မျိုး ဟာ အဂတိလိုက်စားမှုကို အားပေးရာမြောက်သလို အထူးသဖြင့် ယခုပြသနာသည် ချင်းလူမျိုးများကြားတွင် စိတ်ဝမ်းကွဲစရာ ဖြစ်နေတဲ့ အတွက် ပွင့်လင်းမြင်သာမှုရှိရှိ အမြန်ဆုံးဖြေရှင်း ပေးဖို့လို အပ်ပါတယ်။

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...