“ချင်းပြည်နယ်တွင် မြေလွတ် မြေလပ် မြေရိုင်း မရှိ” “ဘိုးဘွားပိုင်မြေသာရှိသည်” စသည့် စာတမ်း၊ ပိုစတာ၊ ဗီနိုင်းများပြုလုပ်ကာ မြို့နယ်အလိုက် တောင်သူများ ကိုယ်တိုင် မြို့ဧ။်လူစည်ကားသော နေရာများတွင် ကပ်သည့်ကင်ပိန်းကို ပြုလုပ်လျက်ရှိရာ ယနေ့အထိ ငါးမြို့နယ်တွင် ပြီးစီးပြီဖြစ်ကြောင်း ချင်းမြေယာဆိုင်ရာကွန်ယက်(CLAN) အဖွဲ့ဝင်ဦးမာန်တပ်ကပြောသည်။
အဆိုပါကင်ပိန်းပြုလုပ်ပြီးစီးသည့် မြို့နယ်များမှာ ဟားခါးမြို့၊ တွန်းဇံမြို့၊တီးတိန်မြို့၊ ကန်ပက်လက်မြို့နှင့် မတူပီမြို့တို့ဖြစ်သည်။
ဦးမာန်တပ်က “ချင်းအမျိုးသားနေ့မှာ ကျွန်တော်တို့ ပိုစတာတွေကို ကပ်မယ် သဘောထားတွေကပ်မယ်လို့ စဉ်းစားထားတာ။ ဒါပေမဲ့ တစ်ချို့မြို့နယ်တွေက ချင်းအမျိုးသားနေ့ကို မစောင့်နိုင်လို့ ကပ်လိုက်တာပါ။ ကျွန်တော်တို့ကတော့ ထောက်ခံပေးတယ်။ ဟားခါး၊ တွန်းဇံ၊ တီးတိန်နဲ့မတူပီမှာတော့ ပိုစတာကပ်ပြီးသွားပါပြီ။ ကျွန်တော်တို့ ကွန်ယက်ကနေပြီးတော့ နှစ်ဆယ်ရက်နေ့ကို သက်မှတ်တယ်”ဟုပြောသည်။
သူကဆက်ပြီး “ချင်းအမျိုးသားနေ့မှာတော့ မြို့နယ်အကုန်လုံးက ကပ်ပြီးလှုပ်ရှားမှုတစ်ခုလုပ်မှာပါ။ အဲဒီလှုပ်ရှားမှုကိုမှ သူတို့ဂရုမစိုက်ဘူးဆိုရင် ကျွန်တော်တို့ ဘယ်လိုလုပ်ရမယ်လဲဆိုတာကိုပါ အစီအစဉ်ဆွဲထားတယ်။ကျွန်တော်တို့ဖက်ကနေပြီး တောင်းဆိုစရာတွေကိုပါ တောင်းဆိုဖို့ပြင်ဆင်ပြီးသားပါ”ဟုပြောသည်။
ချင်းမြေယာဆိုင်ရာကွန်ယက်မှ မြေလွတ် မြေလပ် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို လေ့လာသုံးသပ်ခြင်းနှင့် ကွန်ယက်အဖွဲ့ဝင်များ၏ အလုပ်အမှုဆောင်များဆွေးနွေးပွဲကို ပြီးခဲ့သည့် ၁၂ ရက်နေ့ကကျင်းပခဲ့ကြပြီး ပြည်သူတို့ဧ။် ရင်ဆိုင်ရမည့် အန္တရယ်တို့ကို ဆွေးနွေးသုံးသပ်ခဲ့ကြကာ သဘောထား ထုတ်ပြန်ခဲ့ကြသည်။
ချင်းပြည်နယ် အစိုးရဖက်မှ ချင်းအမျိုးသားများအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ရန် ဆောင်ရွက်ကြသော်လည်း မှန်ကန်ခြင်းမရှိကြောင်းနှင့် မြေပိုင်ဆိုင်မှုတွင် ပုံစံခုနှစ် ပြုလုပ်ခြင်းဖြင့် ဘိုးဘွားပိုင်မြေမှာ အစိုးရမြေပိုင်ဖြစ်သွားပြီး တောင်သူများမှာ မြေဌားအခြေအနေ ဖြစ်သွားကြောင်း ဦးမာန်တပ်ကပြောသည်။
ဦးမာန်တပ်က “အစိုးဖက်ကနေ ပုံစံခုနှစ်တွေ လုပ်တာက ချင်းအမျိုးသားတွေအတွက် သဟဇာတမဖြစ်ပါဘူး။ သူတို့က ကျွန်တော်တို့ လုပ်တဲ့ဟာလေးကို လာတိုင်းပြီး ကျန်တဲ့မြေကို ချင်းပြည်နယ် အစိုးရအနေနဲ့ သော်လည်းကောင်း၊ ကုမ္ပဏီအနေနဲ့သော်လည်းကောင်း ချင်းတိုင်းရင်းသားတွေရဲ့မြေကို လာသိမ်းချင်တာကတော့ ကန့်ကွက်တယ်။ စီမံကိန်းလုပ် ငန်းဆောင်ရွက်ပုံလည်း မမှန်ပါဘူး။ ဘာလို့လည်းဆိုတော့ တိုင်းရင်းသားတွေနဲ့ အရင်ဆွေးနွေးရမှာဖြစ်တယ်”ဟုပြောသည်။







