ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အရင်နှစ်များထက် ငွေကြေးပိုမိုအသုံးပြုပြီး ၇၁နှစ်မြောက် ချင်းအမျိုးသားနေ့ကို စည်းကားစွာ ခမ်းခမ်းနားနားကျင်းပသွားမည် ဟုသိရသည်။
ချင်းလူမှုရေးအသင်းဥက္ကဌ (ရန်ကုန်) ဦးပီတာငွန်ဇာကျုံးက “အရှေ့ဒဂုံ ကုလားရပ်ကွက်မှာရှိတဲ့ Chin Center မြေပိုင်ပေါ်မှာ လုပ်မှာဖြစ်တယ်၊ ဒီနှစ်က အရင်နှစ်တွေနဲ့ တူမှာမဟုတ်ဘူး။ သုံးရက်တိုင်တိုင်ကျင်းပသွားမှာဖြစ်တယ်။၁၈ရက်၊၁၉ရက်တွေက အားကစားပျော်ပွဲမျုံးစုံ ကို နှစ်ရက်လုပ်မှာဖြစ်တယ်။
၂၀ရက်မှာဆိုရင်တော့ အခန်းအနားရှိမယ်။ပြီးတာနဲ့လည်း ရိုးရာနပမ်း အခန်းအနားလည်းရှိမယ် ခါတိုင်းနှစ်တွေမှာတော့မရှိဘူးပေါ့။ နောက်ပြီး ကိုယ့်ရဲ့မြေပိုင်မှာဆိုတော့ အခုဆိုရင်ဆိုင်ခန်းလေးတွေလည်း အများကြီးရှိပြီ။ အဲဒီမှာရိုးရာအစားအစာ တွေကိုလည်းရောင်းမှာ ဖြစ်တယ်။အရင်နှစ်တွေက သိန်းငါးဆယ် ပက်ဝန်းကျင်နဲ့ဆိုလောက်တယ်။ ဒီနှစ်ကအရင်နှစ်တွေထက် ပိုပြီးခန်းခန်းနားနား လုပ်ဖို့ပြင်ဆင်ထားတော့ ဘတ်ဂျက်ဆွဲတာက သိန်းသုံးရာလောက် ဆွဲထားတယ်။”ဟုပြောသည်။
ရန်ကုန်မြို့တွင် ချင်းအမျိုးသားနေ့ အခမ်းအနားကို တတ်ရောက်ရန် နိုင်ငံတော်အတိုင်ပင်ခံ၊ ဒုတိယသမ္မတ၊ တိုင်းရင်းသားရေးရာဝန်ကြီးမှစ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့အပါဝင် သက်ဆိုင်သော လူပုဂ္ဂိုလ် အားလုံးကို တတ်ရောက်ရန်လည်း ဖိတ်ကြားထားကြောင်း ဦးပီတာငွန်ဇာကျုံးကပြောသည်။
သူကဆက်ပြီး “ချင်းလူမျိုးတွေထဲကနေ နိုင်ငံတော်အဆင့် အနေနဲ့ အနုပညာရော အားကစားရော အဖက်ဖက်ကရော နိုင်ငံတော်အဆင့်ကနေ ပါဝင်နှိုင်တဲ့ သူတွေကိုလည်း ဂုဏ်ပြုလွှာပေးဖို့ အစီစဉ်တွေလည်းရှိတယ်။ နောက်ပြီးချင်းလူမျိုးထဲကနေ PHD ကိုဘာသာရေးအရရော၊တက္ကသိုလ်ပညာ ရေးအရရော ဘွဲ့ရရှိတဲ့သူတွေကို ဂုဏ်ပြုလွှာပေးမှာဖြစ်တယ်။ ဒီနှစ်တော့ အရင်နှစ်ကမလုပ်ဖူးတဲ့ဟာ အများကြီးလုပ်တယ်။ အရင်နှစ်တွေက သိန်းငါးဆယ် ပက်ဝန်းကျင်နဲ့ဆိုလောက်တယ်။ရန်ကုန်မှာရှိတဲ့ ချင်းလူမျိုးတွေအားလုံး ကိုလာခဲ့ဖို့ဖိတ်ခြင်တယ်။ အရင်ကဆိုရင် ချင်းအမျိုးသားနေ့ကို ကျင်းပမယ့်နေရာကို မျက်နှာငယ်ငယ်နဲ့ တခြားနေရာမှာတွေ သွားရှာပြီးကျင်းပခဲ့ရတယ်ပေါ့။ အခုက ကိုယ့်မြေပိုင်ပေါ်မှာဘဲ ချင်းအားလုံးပိုင်တဲ့ မြေဧကလေးဧကပေါ်မှာကျင်းပမှာဖြစ်တယ်။ အားလုံးက ဂုဏ်ပြုတဲ့အနေနဲ့ လာပြီးတော့ ဝမ်းသာစွာနဲ့ ကိုယ့်နယ်မြေဖြစ်နေတာကိုလည်း လာကြည့်ရင်းနဲ့ ချင်းနေ့ကို ပါဝင်ဆင်နွဲဖိတ်ချင်တယ်”ဟုပြောသည်။
ရန်ကုန်ကဲ့သို့ပင် မန္တလေးမြို့တွင် ယခင်ထက်ပိုပြီး ခမ်းနားစွာ ရွှေပြည်သာဟိုတယ်ခန်းမတွင် ကျင်းပမည်ဖြစ်ပြီး မန္တလေးတိုင်းဝန်ကြီးချုပ်၊ မြို့တော်ဝန်၊ နယ်လုံဝန်ကြီး နှင့် တိုင်းရင်းသားရေးရာဝန်ကြီး တို့ကိုလည်း ဖိတ်ကြားထားကြောင်းသိရသည်။
မန္တလေးမြို့ ခ.စ.ယ အဖွဲ့ဝင်တစ်ဦးဖြစ်သူ မိုင်Helen မှ“ခါတိုင်းနှစ်ထက်ထူးခြားသွားတာက အရင်နှစ်တွေတုန်းက ကျောင်းသားဘက်ကနေ အလှူငွေလိုက်ကောက်ခံပြီး ရတဲ့ငွေနဲ့လုပ်တာ၊ ဒီနှစ်ကျတော့ လူကြီးတွေဘက်ကနေ တာဝန်ယူလိုက်တယ်၊ ဒါကြောင့် အရင်နှစ်တုန်းက ဘတ်ဂျက်အနေနဲ့ သိန်းသုံးဆယ်ဝန်ကျင်လောက်ဘဲ သုံးတာကနေ ဒီနှစ်တော့ သိန်းတစ်ရာ့နှစ်ဆယ်အထိသုံးသွားမယ်၊ ချင်းအဆိုတော်သုံးယောက်လည်းခေါ်ထားတယ်၊ ကျင်းပတဲ့ပုံစံကတော့အရင်နှစ်တွေအတိုင်းဘဲ” ဟုပြောသည်။







