“ဒုက္ခများကို ထာဝရ ခါးစည်းခံသူများ မဟုတ်ကြပါ”

“ဒုက္ခများကို ထာဝရ ခါးစည်းခံသူများ မဟုတ်ကြပါ”

မိုးများ သဲသဲမဲမဲနှင့် သွန်းဖြိုးလာတော့မည့် မေအကုန် ဇွန်အကူးရာသီ ရောက်ရှိလာပြန်ပေပြီ။ ဤကဲ့သို့သော ဥတုရာသီတွင် သက်ရှိသတ္တဝါများ နေထိုင်၊ စားသောက်၊ ဆက်သွယ် သွားလာရေးအတွက် ကြိုတင် ကာကွယ်မှု များနှင့်အတူ ပြင်ဆင်ထား ကြရလေ့ရှိသည်။ အခက်အခဲတကာ့ ခက်ခဲမှုများထဲတွင် စားစရာမရှိသည့် သမုဒ္ဒရာတမျှ ကျယ်ဝန်းသော ဝမ်းတစ်ထွာ ပြဿနာနှင့် စိုစွတ်ရွှဲစိုသော မိုးရေများအကြား အမိုးအကာမဲ့နေသည့် လူသားဒုက္ခသည်များ၏ အခက်အခဲပင် ဖြစ်သည်။

မြန်မာနိုင်ငံ၏ တိုင်းရင်းသားဒေသများတွင် စစ်ရေး မငြိမ်းချမ်းသေးသမျှ ရတက်မအေးနိုင်ကြရှာသော စစ်ပြေး ပြည်သူများအ တွက်မူ ဝသန်ရာသီမှာ စားရေး နေရေး သာ၍ ခက်ခဲနေကြရပေသည်။ လတ်တလောတွင် ကချင်၊ သျှမ်း(ရှမ်း)၊ ရခိုင်နှင့် ကရင် ပြည်နယ်တို့၌ စစ်ရေးနှင့် အခြားပဋိပက္ခ အရေးအရာများကြောင့် ထွက်ပြေးနေကြရသော ဒုုက္ခသည်များမှာ လောက်ငှမှုမရှိသော ကူညီကယ်ဆယ်မှုများနှင့်အတူ ခက်ခဲမှုမျိုးစုံကို အုံလိုက်သင်းလိုက် ရင်ဆိုင်နေကြရသည်။ ထို့အထဲတွင် ကျား/မ ခလေးသူငယ် များနှင့် သက်ကြီးရွယ်အိုများပါမကျန် ဒုက္ခခံစားနေကြသည်။

မကြာသေးခင် မေလ (၇)ရက်နေ့က မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ ဘန့်ဒုံယမ်းနှင့် မဲ့နန်စွယ် ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များ ၉၃ ဦးကို မိမိတို့သဘောဆန္ဒအလျောက် နေရပ်ပြန်လိုမှုအပေါ် ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)တို့က မဲဆောက်-မြဝတီနှင့် မဲ့ဟောင်ဆောင်လမ်းတို့မှ လွှဲပြောင်းစီစဉ် ဆောင်ရွက်ပေးခဲ့သည်။ ယမန် နှစ် ၂၀၁၇၊ အောက်တိုဘာလ ၂၆ရက်ကလည်း ပထမအသုတ်အဖြစ် နို့ဖိုးစခန်းမှ ဒုက္ခသည်မိသားစု ၁၉စုမှ လူဦးရေ ၆၅ဦးကို အလားတူ လွှဲပြောင်းပို့ဆောင်ခဲ့ပြီးလည်း ဖြစ်သည်။

ယခုနှစ် ဒုတိယအသုတ် အစီအစဉ်မှာ ၂၀၁၈ခုနှစ်၊ မတ်လ ၂၈ရက်နေ့က နှစ်ဖက်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖွဲ့စည်း ထားသော အတွင်းဝန်အဆင့် အစည်းအဝေးတွင် ဆုံးဖြတ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းက နေရပ်ပို့ဆောင်မှုကို ပြန်လည်ကြိုဆိုလက်ခံသည့် အခမ်းအနားတွင် ပြောဆိုသွားခဲ့သည်။ ထိုသို့ပြောဆိုရာတွင် အစည်းအဝေး ဆုံးဖြတ်ချက်အရ နိုင်ငံသားစိစစ်ပြီးသား ၁၉၀ ဦးအနက် နေအိမ် စသည်များ ပံ့ပိုးစရာ မလိုသည့် ဒုက္ခသည်များ ကို လွှဲပေးရန် သဘောတူကြောင်း ပါရှိသည်။ ဆိုလိုသည်မှာ နေရပ်ပြန်ပြီးနောက် နေရာထိုင်ခင်း ပံ့ပိုးပေးမည့်အခြေအနေ မရှိ သည့် သဘောမျိုးဖြစ်ဟန်တူသည်။ သို့သော် နေရပ်မပြန်သေးဘဲ ဒုက္ခသည်စခန်းအတွင်း ကျန်ရှိလျှက်နေသော သိန်းနှင့်ချီ သည့် ဒုက္ခသည်များမှာလည်း မတိုးသာ မဆုတ်သာဘဝဖြင့် ဆယ့်နှစ်လရာသီစက်ဝန်းတွင် ကျင်လည်နေကြရဆဲ ဖြစ်သည်။

ယင်းသို့ ကျင်လည်ကျက်စားရင်း ဇွန်လ ၂ဝရက်နေ့တွင် ကမ္ဘာ့ဒုက္ခသည်များနေ့ ထပ်မံ ကျရောက်တော့မည်။ ၁၉၅၀ ခုနှစ်တွင် စတင် တည်ထောင်လာခဲ့သည့် UNHCR က ကမ္ဘာ့နိုင်ငံအသီးသီးတွင် စစ်မက်ရေးရာအရလည်းကောင်း၊ ငတ်မွတ်ခေါင်းပါးမှုအ ရလည်းကောင်း၊ နိုင်ငံ့စီးပွားရေး ဆိုးဝါးနိမ့်ကျမှုအရလည်းကောင်း၊ သဘာဝဘေးဒဏ်များအရလည်းကောင်း ပုံစံအမျိုးမျိုးဖြင့် ဒုက္ခသည်ဖြစ်လာသူများကို ကူညီဆောင်ရွက်ပေးလာခဲ့သည်။ 

၂၀၁၅ခုနှစ်တွင် ပြုလုပ်ခဲ့သည့် UNHCR ၏ ၆၅နှစ်မြောက် နှစ်ပတ်လည်နေ့တွင် သန်းပေါင်း ၅ဝကျော်သော ဒုက္ခသည်များဘဝ ပြန်လည်ထူမတ်နိုင်ရန် ၎င်းတို့အနေဖြင့် အောင်မြင်စွာ ကူညီနိုင်ခဲ့ကြောင်း UNHCR က မှတ်တမ်းတင်ထားသည်။ ၂ဝဝဝခုနှစ်၊ ဒီဇင်ဘာ ၄ရက်တွင် ကျင်းပခဲ့သော ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ ဆုံးဖြတ်ချက်အမှတ် ၅၅/၇၆ဖြင့် ဇွန်လ ၂ဝရက်ကို ကမ္ဘာ့ဒုက္ခသည်များနေ့အဖြစ် သတ်မှတ်ကာ အခမ်းအနားများ နှစ်စဉ် ကျင်းပလာခဲ့ကြသည်။ မည်သို့ပင်ဆိုစေ ယခုနှစ်ဆိုလျှင် ဒုက္ခသည်များ ဖြစ်ရှိလာသည်မှာ ၆ရနှစ်တိုင်လာခဲ့ပြီဖြစ်သည်။

မျက်မှောက်ကာလ၌ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ စစ်မက်ဖြစ်ပွားရာ နိုင်ငံတိုင်းတွင် ဒုက္ခသည်များရှိနေဆဲပင်ဖြစ် သည်။ ထို့အပြင် စားဝတ်နေရေးကြပ်တည်းကာ လူ့အခွင့်အရေး ချိုးဖောက်မှု များပြားနေသော နိုင်ငံများ၌လည်း ဒုက္ခသည်များ စွာ ရှိနေကြပေရာ ၎င်းတို့မှာ ဒုက္ခများကို ထာဝရ ခါးစည်းခံလိုသူများ မဟုတ်ကြသဖြင့် လူသားချင်း တန်းတူအခွင့်အရေးများဖြင့် နေထိုင်ရပ်တည်သွားနိုင်ရေး ကမ္ဘာ့အသိုင်းအဝိုင်းက ဝိုင်းဝန်းလုပ်ဆောင်ပေးကြရန် ကမ္ဘာ့ဒုက္ခသည်များနေ့အမှီ တိုက်တွန်း လိုက်ပါသည်။

 

Most read this week

Photo: KNA
January 24, 2026
ကရင်နယ်ခြားစောင့်တပ်-BGF အသွင်ပြောင်းထားသည့် ကရင်အမျိုးသားတပ်မတော်-KNA တပ်ဖွဲ့များကို...
January 23, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊  တောအူး(တောင်ငူ)ခရိုင်၊ လိပ်သိုမြို့နယ် မစကျေးရွာတွင်...
January 22, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာတွင်...
January 22, 2026
KNLA တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဂီနွီးနှင့် တွေ့ဆုံမေးမြန်းခြင်း...