ကချင်ပြည်မြောက်ပိုင်း၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ တရုတ်–မြန်မာနယ်စပ် မြန်မာဘက်ခြမ်း၌ တရုတ်လုပ်ငန်းရှင်များက မြေရှားသတ္တု တူးဖော်ရန် ပြင်ဆင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းကာ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ကျေးရွာ အနောက်ဘက် နယ်စပ်တစ်လျှောက်တွင် မြေရှားသတ္တုတူးဖော်ရန် မြေနေရာရှင်းလင်းခြင်း နှင့် ဒေသခံများကို မြေယာအသုံးပြုခွင့်အတွက် ငွေကြေးဖြင့် စည်းရုံးခြင်းများ လုပ်ဆောင်နေကြောင်း ခေါင်လန်ဖူးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ခေါင်လန်ဖူးဒေသခံ အမျိုးသားက “စစ်ကောင်စီတပ်နဲ့ ခေါင်လန်ဖူးပြည်သူ့စစ် စိုးမိုးထားတဲ့ တောင်ပေါ်ဒေသက ရွာတွေမှာ တရုတ်လုပ်ငန်းရှင်တွေနဲ့ပေါင်းပြီး မြေရှားတ္တုတူးဖို့ လုပ်နေတာ ကြာပြီ။ အဲဒီမှာ တာဝန်ကျတဲ့ ပြည်သူ့စစ်တွေနဲ့ စကစတပ်ရင်းမှူးတွေ တရုတ်လုပ်ငန်းရှင်တွေနဲ့ ပေါင်းပြီး ဆောင်ရွက်နေတာ သတ္တုတူးဖို့ပါ” ဟု ပြောသည်။
ထိုသို့ သတ္တုတူးဖော်ရန် ပြင်ဆင်မှုများကို ၂၀၂၅ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး မြန်မာ - တရုတ်နယ်စပ် ရှိန်းခေါင်လမ်းမှ တစ်ဆင့် ဝင်ရောက်လာသည့် တရုတ်လုပ်ငန်းရှင်များသည် ပူတာအို အခြေစိုက် ခလရ ၄၆ ဗျူဟာလက်အောက်ခံ တပ်ဖွဲ့များ၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်တို့နှင့် ပူးပေါင်းဆောင်ရွက်နေကြခြင်း ဖြစ်သည်။
လက်ရှိ မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေသည့် နေရာများသည် ရှိန်းခေါင်ကျေးရွာ အနောက်ဘက် မြန်မာ–တရုတ် နယ်စပ်မှတ်တိုင် ၃၁ နှင့် ၃၂ အနီးဝန်းကျင်၌ တည်ရှိပြီး ရှိန်းခေါင်၊ နန်ဆိန်၊ ဇင်းထန်၊ ညီဝါး စသည့် ကျေးရွာများနှင့် အနီးအပါးရှိ မြေနေရာများ ပါဝင်နေသည်။
လုပ်ငန်းရှင်များဘက်က မြေရှားသတ္တုတူးဖော်မည့် မြေနေရာများအတွက် ဒေသခံများကို တစ်နှစ်စာ ငွေကြေး ပေးမည်ဟုဆိုကာ စည်းရုံးလျက်ရှိသည်။
သို့သော် ဒေသခံပြည်သူများအနေဖြင့် အဆိုပါ လုပ်ရပ်ကို လက်မခံလိုသော်လည်း ပြည်သူ့စစ်များ စိုးမိုးထား သည့် ဒေသဖြစ်သဖြင့် ကန့်ကွက်ရန် ခက်ခဲနေကြသည်။
ဒေသခံအမျိုးသမီးတစ်ဦးကလည်း “ဒေသခံတွေကတော့ မလိုလားကြဘူး။ တစ်နှစ်ကို ပိုက်ဆံ ဘယ်လောက် ပေးမယ်ဆိုပြီး စည်းရုံးတယ်။ လက်မခံချင်ရင်လည်း လက်ခံရတော့မယ်လေ။ သူတို့စိုးမိုးထားတဲ့နေရာတွေ ဆိုတော့ ဘယ်သူမှ မကန့်ကွက်ရဲကြဘူး” ဟု ပြောသည်။
သတ္တုတူးဖော်ရန် ပြင်ဆင်နေသည့် မြေနေရာများတွင် ဒေသခံများ၏ ဘိုးဘွားပိုင်မြေယာများနှင့် အဓိက ဝင်ငွေ ရရှိရာ ရှာကော၊ ပါးကော စိုက်ခင်းများ ပါဝင်နေသည်။
ခေါင်လန်ဖူး အနောက်ဘက် နယ်စပ်ဒေသရှိ ကျေးရွာနေ ပြည်သူများသည် တရုတ်နိုင်ငံဘက်သို့ အဓိက တင်ပို့ ရောင်းချသည့် ရှာကော၊ ပါးကော စိုက်ပျိုးခြင်းအပြင် ရေခဲတောင်ဒေသမှ ရရှိသည့် ဆေးမြစ်စုံ၊ သစ်ဥသစ်ဖုနှင့် တောထွက်ပစ္စည်းများ ရှာဖွေရောင်းချ၍ အသက်မွေးဝမ်းကျောင်း ပြုနေကြရသူများဖြစ်သည်။
ထို့ကြောင့် မြေရှားသတ္တု တူးဖော်မှုများ စတင်လာပါက ရှာကော၊ ပါးကော စိုက်ခင်းများ ပျက်စီးသွားနိုင်သည့် အပြင် စိုက်ပျိုးမြေများ လျော့နည်းလာခြင်းနှင့် တောထွက်ပစ္စည်း ရှာဖွေရန် ခက်ခဲလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
အထက်ပါ ခေါင်လန်ဖူးမြို့ခံ အမျိုးသားက “ဒေသခံတွေကတော့ ကန့်ကွက်ကြတယ်။ ဒါပေမယ့် အဲဒီမှာက တောင်ပေါ်ဒေသလည်းဖြစ်တယ်။ ရွာတွေကလည်း ဟိုမှာနည်းနည်း၊ ဒီမှာနည်းနည်း စုပြီးနေကြတော့ ဌာနေ ပြည်သူ့စစ်တွေရဲ့ စည်းရုံးမှုအောက်မှာ အသာတကြည်ပြောတဲ့အခါ လက်ခံရင်လက်ခံ၊ လက်မခံရင် သူတို့ အတွက်လည်း မကောင်းဘူးဆိုတဲ့ ခြိမ်းခြောက်မှုမျိုးတွေကို နယ်ခံတွေ ကြုံနေရတယ်” ဟု ဆက် ပြောသည်။
ရှိန်းခေါင်ဒေသသည် ပူတာအိုမြို့နှင့် မိုင် ၁၀၀ ကျော် ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် တောင် ပေါ် နယ်စပ်ဒေသဖြစ်သည့် အပြင် ဒေသခံများသည် အခြေခံစားသောက်ကုန်၊ ဆေးဝါးနှင့် လူသုံးကုန် ပစ္စည်း များကို တရုတ်နိုင်ငံဘက်မှ အဓိက ဝယ်ယူအားထားနေရသည်။
လက်ရှိတွင် နယ်စပ်ဒေသအတွင်း မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်မှုများ ဆက်လက်ပြုလုပ်နေပြီး လုပ်ငန်းများ အမှန်တကယ် စတင်လာပါက ဒေသခံများ၏ စိုက်ပျိုးမြေ၊ တောထွက်ပစ္စည်း ရှာဖွေမှုနှင့် အသက်မွေးဝမ်း ကျောင်း လုပ်ငန်းများအပေါ် ကြီးမားသည့် ရိုက်ခတ်မှုများ ရှိလာမည်ကို ဒေသခံများက ရင်ဆိုင်စိုးရိမ်လျက်ရှိကြ သည်။







