တနင်္သာရီတိုင်း၊ ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်း၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင် စစ်အုပ်စု တပ် စစ်ကြောင်း တိုက်ခိုက်ခံရသည့်နောက် အနီးတစ်ဝိုက်နေရာများကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ် လျက်ရှိကြောင်း မြေပြင် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
စစ်ကြောင်း တိုက်ခိုက်ခံရသည့် ဩဂုတ် ၂၉ ရက်နေ့မှစ၍ ထားဝယ်မြို့နယ်အခြေစိုက် စစ်တပ်၏ အမြောက်တပ် ရင်း အမှတ် (၃၀၂) မှ မောင်မယ်ရှောင်ကျေးရွာအနီးကို လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေသလို K8W လေယာဉ်ဖြင့်လည်း ဗုံးသီးများ လာရောက်ကြဲချ တိုက်ခိုက်ခဲ့သည်။
ထိုအခြေအနေကြောင့် မောင်မယ်ရှောင်အပါအဝင် အနီးတစ်ဝိုက်ရှိ ဒေသခံ ရာဂဏန်းနီးပါး ဘေးလွတ်ရာသို့ ယာယီတိမ်းရှောင်နေရကြောင်း စစ်ကြောင်းတိုက်ခိုက်မှုအတွင်း ပူးပေါင်းပါဝင်ခဲ့သည့် ကျားသစ်နက်တပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“အခုထိ မောင်မယ်ရှောင်အနီးတစ်ဝိုက်ကို အမတ ၃၀၂ ကနေ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်နေတာ။ မနေ့ ကတော့ တစ်ရက်လုံးနီးပါး ပစ်နေတာ။ ပြီးတော့ မောင်မယ်ရှောင်အနီးက ရေဝိုင်းရွာအနီး အနားကိုလည်း K8W နဲ့ ဗုံးလာကြဲနေတယ်။ ပြည်သူတွေတော့ အထိအခိုက်မရှိခဲ့ဘူး” ဟု ၎င်းက ပြောသည်။
ဩဂုတ်လ ၂၉ ရက်၊ နံနက် ၆ နာရီအချိန်ခန့်က ထားဝယ်မြို့နယ်ရှိ ခြေမြန်တပ်ရင်း ခမရ (၄၀၅)၊ ခမရ (၄၀၆) နှင့် ခြေလျင်တပ်ရင်း ခလရ (၂၆၇) မှ အင်အား ၈၀ ကျော်ပါဝင်သည့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းသွား စစ်တပ်စစ်ကြောင်းကို မောင်မယ်ရှောင်ကျေးရွာအနီးတွင် တော်လှန်ရေးပူးပေါင်းတပ်တို့က ကြားဖြတ်တိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်။
တိုက်ခိုက်မှုအတွင်း စစ်အုပ်စုတပ်ဘက်မှ ၁၅ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သလို လက်နက် ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း ကျားသစ်နက်တပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။
“တိုက်ပွဲကတော့ မောင်မယ်ရှောအနီးမှာ ၂ နာရီကျော် ဖြစ်သွားတယ်။ မျက်မြင်ရှေ့မှာတော့ ၈ ယောက် ကျသွားတယ်။ စုစုပေါင်းတော့ ၁၅ ယောက် ကျတယ်။ ဒဏ်ရာရသူကလည်း တော်တော်များတယ်။ အဲကြောင့် သူတို့က ထားဝယ်ဘက်ကိုပဲ ပြန်ဆုတ်သွားတယ်” ဟု ၎င်းက ပြောသည်။
တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ MA-1 ၆ လက်၊ MA-3 ၂ လက်၊ ကျည်ဘောက် ၁၁ ခု၊ ကျည် ၂၀၀ နှင့် အခြား ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့သည်။
ဒေသခံများ၏ ပြောကြားချက်အရ တိုက်ပွဲဖြစ်ပွားစဉ် ရေး-ထားဝယ် ကားလမ်းပိုင်းကို ခေတ္တပိတ်ထားခဲ့ပြီး ညနေပိုင်းတွင် ပြန်လည်ဖွင့်ပေးသည့်အချိန်မှစ၍ လက်နက်ကြီးပစ်ခတ်သံများ စတင်ကြားရခြင်းဖြစ်သည်။
လက်ရှိတွင် စစ်အုပ်စုတပ်မှ စစ်ကြောင်းများ ပြန်လည်ထိုးဝင်လာနိုင်သည့်အပြင် လေကြောင်းဖြင့်လည်း ဆက်လက်အသုံးပြု တိုက်ခိုက်နိုင်သောကြောင့် အသက်အန္တရာယ် မဖြစ်စေရေး အထူးဂရုပြုနေထိုင်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားသည်။







