SCEF အောက်မှ ကြိုးပမ်းမှုများကို အပြည့်အဝ ထောက်ခံရန် KIO ဥက္ကဋ္ဌ တိုက်တွန်း

SCEF အောက်မှ ကြိုးပမ်းမှုများကို အပြည့်အဝ ထောက်ခံရန် KIO ဥက္ကဋ္ဌ တိုက်တွန်း
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင် စစ်ရေး၊ နိုင်ငံရေး ကြိုးပမ်းမှုများကို မရပ်မနား လုပ်ဆောင်နေ၍ တိုင်းသူပြည်သားများနှင့် ကချင်ပြည်သူများ အားလုံး သံသယစိတ်မရှိဘဲ အပြည့်အဝ ထောက်ခံအားပေးကြရန် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌက တိုက်တွန်းလိုက်သည်။

ပြည်သူလူထုကို အခြေခံပြီး မိမိတို့ ဒေသကို လွတ်လပ်စွာ ကိုယ်တိုင် စီမံအုပ်ချုပ်နိုင်ရေးအတွက် တူညီသည့် ပန်းတိုင်တစ်ခုတည်းကို ဆုပ်ကိုင်ကာ နိုင်ငံတကာအဖွဲ့အစည်းများ၏ ထောက်ခံမှု ရရှိအောင် လုပ်ဆောင်နေ ကြောင်း ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့တွင် ကျရောက်သည့် ကချင်အမျိုးသား အာဇာနည်နေ့၌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောသည်။

“ကျနော်တို့ လိုအပ်နေတဲ့ ပြည်သူလူထုအပေါ် ခြေခံပြီး မိမိဒေသကို လွတ်လပ်စွာကိုယ်တိုင် စီမံအုပ်ချုပ်နိုင်ဖို့ အတွက်က နိုင်ငံအတွင်းက လက်နက်ကိုင်တော်လှန်နေတဲ့ အဖွဲ့အားလုံး တူညီတဲ့ပန်းတိုင်တစ်ခုကို ဆုပ်ကိုင်ထား ရမှာ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေ၊ ကမ္ဘာ့နိုင်ငံကြီးတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုတွေကို ရရှိဖို့လိုအပ်တဲ့အပြင် တော်လှန်ရေးခရီးကိုလည်း တစ်ဆင့်ပြီး တစ်ဆင့်မြှင့်တင်ပြီးတော့ ရှေ့ကိုချီတက်သွား နိုင်ဖို့ လိုအပ်နေပါတယ်။”

ယခုကဲ့သို့ အခြေအနေတွင် လက်နက်ကိုင် တော်လှန်နေသည့် အဖွဲ့အစည်းများသည် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့နှင့် လက်တွဲကာ ကမ္ဘာ့နိုင်ငံရေး စင်မြင့်ထက်၌ ထင်ပေါ်လာစေရန် SCEF နှင့်အတူ ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အနေဖြင့် အသက်ကို စွန့်လွှတ်စနစ်တကျ လက်နက်ကိုင် တော်လှန်နေသည့် သမိုင်းဝင် ခရီးစဉ်ကို အချိန်တိုအတွင်း အောင်မြင်စွာ ကျော်ဖြတ်နိုင်ရန် နည်းလမ်းပေါင်းစုံမှ စဉ်းစားအဖြေရှာ ဦးဆောင်၍ ဆောင်ရွက်လျက်ရှိသည်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းနိုင်ရေး ကြိုးပမ်းနေသည့် အချိန်တွင် ပြည်သူပြည်သားများအနေဖြင့် စစ်အုပ်စုဘက်မှ ပါဝင်ပတ်သက်ခြင်းများ လုံးဝ မပြုလုပ်ကြရန်လည်း မိန့်ခွန်း၌ အထူးသတိပေး ပြောဆိုထား သည်။

ဗိုလ်ချုပ်ကြီး အင်ဘန်လက “ကျဆုံးသွားပြီဖြစ်တဲ့ အာဇာနည်သူရဲကောင်းတစ်ဦးချင်းစီကို ဂုဏ်ပြုပေးနေတဲ့ အချိန် မျက်ရည်ကျရင်းနဲ့ ရင်ဘတ်အောင့်တဲ့အထိ စိတ်မကောင်းဖြစ်ရပါတယ်။ ကျဆုံးမှုမှာ ပါဝင်ပတ်သက်ခဲ့ ကြတဲ့ အိမ်ထောင်မိသားစုတွေရဲ့ ငိုကြွေးသံတွေလည်း ကြားနေ မြင်တွေ့ရပါတယ်။ မျက်ရည် သွေးချွေးတွေနဲ့ အသက်ကိုရင်းပြီး လွတ်မြောက်ဖို့ကြိုးစားနေတဲ့အချိန် နိုင်ငံနှင့် ပြည်သူပြည်သားများအနေနဲ့ စစ်အာဏာရှင် အမြစ်တွယ်စေမယ့် လုပ်ငန်းတွေမှာ မပါဝင်ကြပါနဲ့၊ အခုချက်ချင်းရှောင်ကြဉ်ကြပါ။ တရားတဲ့လမ်းမှာ အတူ ရပ်တည်ဖို့ ထပ်မံတိုက်တွန်းလိုက်ပါတယ်” ဟု ပြောသည်။

စစ်အာဏာရှင် အမြစ်တွယ်စေမည့် လုပ်ငန်းစဉ်များတွင် ပါဝင်နေသူများအတွက် တရားစီရင်မည့် နေ့ရက် ရောက်ရှိလာမည်ဖြစ်ကြောင်းလည်း KIO ဥက္ကဋ္ဌက သတိပေးသည်။

ထို့ပြင် မိန့်ခွန်းအတွင်း စစ်ရေးဆောင်ရွက်ရာ၌ အရပ်သားပြည်သူများကို ပစ်မှတ်ထား ဆွဲထည့်ခြင်းများ မပြု လုပ်ရန်၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးပြီး စစ်ရေးကျင့်ဝတ်များကို တိတိကျကျ လိုက်နာဆောင်ရွက်ရန် စစ်တပ်ကို ထည့်သွင်းသတိပေးထားသည်။

“ကိုယ်တိုင်လုပ်လိုက်တဲ့ လုပ်ရပ်တွေက မှန်ကန်ပြီလို့ ထင်ရပေမယ့် အများပြည်သူထုက လက်မခံရင် ပြန်လည် စဉ်းစားကြည့်ရမှာ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရမယ့် အရာတွေကို အချိန်မနှောင်းသေးခင် အမြန်ပြုပြင် ပြောင်းလဲဖို့ တိုက်တွန်း ပြောဆိုချင်ပါတယ်။ ပြည်သူလူထုတွေကို ပစ်မှတ်ထား ဆွဲထည့်တာတွေ၊ လူသားဒိုင်း လုပ်တဲ့ လုပ်ရပ်တွေကို ရှောင်ကြဉ်ဖို့ ပြောချင်တယ်။ လူတိုင်းရဲ့ အသက်အိုးအိမ်တွေကိုလည်း တန်ဖိုးထား အလေးထားပေးဖို့ ထည့်ပြောချင်တယ်။ တိုက်ခိုက်ရေးမှာ ကျင့်သုံးလိုက်နာရမယ့် စစ်ရေးကျင့်ဝတ်တွေ ကိုလည်း တိတိကျကျလိုက်နာရမှာ ဖြစ်တယ်လို့လည်းပြောဆိုချင်ပါတယ်” ဟု ၎င်းက သတိပေးထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တော်လှန်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန် မြှင့်တင်နိုင်ရေးအတွက် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (Steering Council for the Emergence of a Federal Democratic Union – SCEF) ကို လွန်ခဲ့သည့် မတ်လ ၃၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

SCEF ပေါင်းစည်းမှုအောက်တွင် NUG၊ CRPH၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ ပါဝင်ပြီး ပေါင်းကူး တံတားတစ်စင်းအဖြစ် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော ၁၉၇၅ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် KIO ကို စတင်တည်ထောင်ခဲ့သည့် ခေါင်းဆောင်းကြီး လထော်ဇော်ဆိုင်း နှင့် ထိပ်ပိုင်းခေါင်းဆောင်အချို့ ကျဆုံးခဲ့ရသည့်နေ့ကို အကြောင်းပြု၍ ကချင်အမျိုးသား အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကိုမူ ၁၉၆၀ ပြည့်နှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကို ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အသီးသီး ဖွဲ့စည်းထူထောင်ခဲ့ကြသည်။

ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...