ကချင်ပြည်တွင် ဆယ်ကျော်သက် လူငယ်များအကြား အကြမ်းဖက်မှုနှင့် ရာဇဝတ်မှုများ မြင့်တက်လာ

ကချင်ပြည်တွင် ဆယ်ကျော်သက် လူငယ်များအကြား အကြမ်းဖက်မှုနှင့် ရာဇဝတ်မှုများ မြင့်တက်လာ
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ

ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက် လူငယ်များက အကြမ်းဖက်လုပ်ရပ်များနှင့် ခိုးဆိုးလုယက်မှုများကို ကျူးလွန်လာကြသည်ကို ပိုမိုတွေ့လာရ ကြောင်း ဒေသခံများက ပြောဆိုသည်။

ယခုကဲ့သို့ လူငယ်များအကြား အကြမ်းဖက်မှုနှင့် ပြစ်မှုကျူးလွန်မှုများ မြင့်တက်လာရခြင်းမှာ နိုင်ငံရေးမတည် ငြိမ်မှု၊ အလုပ်အကိုင်ရှားပါးလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကြောင့် လူငယ်အချို့ ငွေကြေးကို အလွယ် တကူ ရှာဖွေလိုစိတ်ဖြင့် အကြမ်းဖက်လုပ်ရပ်များထဲတွင် ပါဝင်လာကြခြင်းဖြစ်နိုင်သည်ဟု မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦးက သုံးသပ်ပြောဆိုသည်။

“အခုလိုမျိုး ဓားပြတိုက်တာတွေ၊ ခိုးတာတွေ များလာရတဲ့ အရင်းမြစ်က လူငယ်တွေ အသောက်အစားတွေ စုံလာတာ၊ လောင်းကစား၊ အွန်လိုင်းဂိမ်း၊ စလော့ဂိမ်းတွေ ဆော့လာတာတွေလည်း ပါတယ်။ ပိုက်ဆံ သုံးချင် ပေမယ့် ရှာဖို့အခက်အခဲရှိတော့ အလွယ်တကူ ရှာချင်လာတာ။”

ပြီးခဲ့သည့် ဇူလိုင်လနှင့် ဩဂုတ်လအတွင်း မြစ်ကြီးနားနှင့် မိုးကောင်းမြို့တို့တွင် အသက်မပြည့်သေးသည့် လူငယ်များ ပါဝင်ကျူးလွန်ခဲ့သော အကြမ်းဖက်မှုဖြစ်စဉ် သုံးခုထက်မနည်း ဖြစ်ပွားခဲ့သည်။

ဩဂုတ်လ ၄ ရက်နေ့က မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက်တွင် ကျောင်းဆင်းချိန် ဆိုင်ကယ်အတူစီးလာသော ကျောင်းသားနှစ်ဦးအနက် နောက်မှလိုက်ပါလာသည့် ကျောင်းသားက ရှေ့မှဆိုင်ကယ်မောင်းနေသူကို ဓားဖြင့် ထိုးပြီး ထွက်ပြေးသွားခဲ့သည်။

ဓားထိုးခံရသည့် ကျောင်းသားမှာ ဒဏ်ရာရရှိခဲ့သော်လည်း အသက်အန္တရာယ် မစိုးရိမ်ရဘဲ ကျူးလွန်သူ ကျောင်းသားကိုမူ လက်ရှိအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးပေ။

အလားတူ ဇူလိုင်လ ၁၁ ရက်နေ့၊ ည ၉ နာရီကျော်အချိန်ကလည်း မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်တွင် အသက် ၁၅ နှစ်ဝန်းကျင် လူငယ်တစ်ဦးကို အသက် ၁၄ နှစ်နှင့် ၁၆ နှစ်အရွယ် သူငယ်ချင်းနှစ်ဦးက လူပြတ်ရာနေရာသို့ ခေါ်ဆောင်သွားကာ လည်ပင်းညှစ်၍ ဖုန်းလုယူခဲ့ကြသည်။

လည်ပင်းညှစ်ခံရသူမှာ ပြန်လည်သတိရလာပြီး မိဘတွေကို အကြောင်းကြားခဲ့ခြင်းကြောင့် ကျူးလွန်သူနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့သော်လည်း နောင်တွင် ရန်ငြိုးထားမှာကို စိုးရိမ်သည့်အတွက် ခံရသူဘက်က ပြန်လည်ကျေအေး ပေးခဲ့ရသည်။

နောက်ထပ်ဖြစ်စဉ်တစ်ခု အနေဖြင့် ဇူလိုင်လ ၅ ရက်နေ့က မိုးကောင်းမြို့၊ ရွာသစ်ရပ်ကွက်တွင် ဖြစ်ပွားခဲ့ပြီး အသက် ၁၂ နှစ်အရွယ် ကောင်လေးတစ်ဦးမှာ ညသန်းခေါင်အချိန် အိမ်ပြန်လာစဉ် ဆေးကြောင်နေသည့် အခြေ အနေဖြင့် အဖွားဖြစ်သူကို တောရှင်းဓားမဟု ယူဆရသည့် လက်နက်ဖြင့် ဦးခေါင်းကို အကြိမ်ကြိမ် ခုတ်ထစ်ခဲ့ သည်။

အဖွားဖြစ်သူမှာ ဒဏ်ရာပြင်းထန်ခဲ့သော်လည်း အချိန်မီ ဆေးကုသမှုခံယူနိုင်ခဲ့သောကြောင့် အသက်အန္တရာယ်မှ လွတ်မြောက်ခဲ့ရသည်။

ယခင်က ခိုးဆိုးလုယက်မှုများနှင့် အကြမ်းဖက်မှုများတွင် အသက် ၁၈ နှစ်ကျော် လူငယ်များနှင့် လူလတ်ပိုင်း များသာ ပါဝင်မှုများခဲ့သော်လည်း လက်ရှိကာလတွင်မူ အသက်မပြည့်သေးသည့် ဆယ်ကျော်သက်လူငယ်များပါ တက်ကြွစွာ ပါဝင်လာကြသည်ကို မြင်တွေ့နေရကြောင်း ဒေသခံများက ထောက်ပြကြသည်။

မိုးကောင်းမြို့မှ လူငယ်အမျိုးသမီးတစ်ဦးက “မိဘတွေအနေနဲ့လည်း သားသမီးတွေရဲ့ အပေါင်းအသင်း၊ နေထိုင် မှုပုံစံတွေကို ပိုဂရုစိုက်ဖို့လိုသလို လူငယ်တွေအတွက်လည်း အလုပ်အကိုင်နဲ့ အခွင့်အလမ်းတွေ ပိုမိုရရှိဖို့ လိုအပ် တယ်။ အထူးသဖြင့်တော့ မိဘတွေရဲ့ ဆိုဆုံးမမှုတွေက အရမ်းကို အရေးကြီးသလို ပတ်ဝန်းကျင်ကလည်း အရေးကြီးပါတယ်။ ခုသတင်းတွေမှာ တွေ့လာရတာက ဆယ်ကျော်သက်လူငယ်တွေ တကယ်မတွေးရဲစရာ အကြမ်းဖက်မှုတွေမှာ ပါလာနေတာ စိတ်မကောင်းစရာပါ” ဟု ပြောသည်။

ထို့ပြင် လက်ရှိဖြစ်ပွားနေသော ခိုးဆိုးလုယက်မှုနှင့် အကြမ်းဖက်မှုများကို သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးနိုင်ခြင်း မရှိသည့်အတွက် ရပ်ကွက်အလိုက် လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းလို သော်လည်း အခက်အခဲများ ရှိနေကြောင်း မြို့ခံများက ဆိုသည်။

“အရင်တုန်းကလို မီးကင်းပုံစံမျိုး ရပ်ကွက်အလိုက် လူကြီးလူငယ်တွေ စုပြီး ညဘက်လုံခြုံရေးယူပေးရင် ကောင်းမယ်လို့ မြင်တယ်။ ဒါပေမဲ့ အခုက ညမထွက်ရအမိန့်တွေနဲ့ ကန့်သတ်ချက်တွေကြောင့် အခက်အခဲတွေ ရှိနေတယ်” ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။

တစ်ဖက်တွင်လည်း စစ်အာဏာသိမ်းပြီးနောက် မြစ်ကြီးနား၊ မိုးကောင်းနှင့် မိုးညှင်းမြို့တို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေ ပိုမိုပေါ်ပေါက်လာသလို လောင်းကစားဝိုင်း ၄၀ ထက်မနည်း ရှိနေကြောင်း ဒေသခံများက ဆိုသည်။

ယခုကဲ့သို့ လူမှုရေးပြဿနာတွေ တိုးပွားလာနေချိန်တွင် ဘာသာရေးအဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်း များနှင့် ပြည်သူများသည် စားဝတ်နေရေး အခက်အခဲများကိုပါ အဓိက ရင်ဆိုင်နေရသဖြင့် လူငယ်များ ပါဝင်လာ သည့် အကြမ်းဖက်မှုနှင့် လူမှုရေးပြဿနာများကို ထိရောက်စွာ ဖြေရှင်းရန် ပိုမိုခက်ခဲလာနေသည်။

သို့သော် လက်ရှိရင်ဆိုင်နေရသော လူမှုရေးအခက်အခဲများအကြား လူငယ်များ ပါဝင်လာသည့် ခိုးဆိုးလုယက်မှု နှင့် အကြမ်းဖက်မှုများကို လျစ်လျူရှုထား၍ မရကြောင်း ဒေသခံများက တိုက်တွန်းထောက်ပြကြသည်။

အထူးသဖြင့် အသက်မပြည့်သေးသည့် လူငယ်များပါ ပါဝင်လာမှုသည် အနာဂတ်လူမှုအသိုင်းအဝိုင်းအတွက် ကြီးမားသည့် စိုးရိမ်စရာကိစ္စရပ်တစ်ခုဖြစ်ရာ မိသားစု၊ ရပ်ရွာနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းကာ ကြိုတင်ကာကွယ်ရေးနှင့် ပြန်လည်ထိန်းသိမ်းရေး လုပ်ငန်းများကို အလေးထား လုပ်ဆောင်သွားကြရန် လိုအပ် နေသည်။

ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...