မုဒုံ-ဘုရားသုံးဆူလမ်းပိုင်းရှိ ရေလဲနှင့် ဓနုံးတံတားများ ပြန်လည်ဖျက်သိမ်း

မုဒုံ-ဘုရားသုံးဆူလမ်းပိုင်းရှိ ရေလဲနှင့် ဓနုံးတံတားများ ပြန်လည်ဖျက်သိမ်း

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ မြင့်တက်လာမှုကြောင့် ရေလဲနှင့် ဓနုံးတံတားများကို ပြန်လည်ဖျက်သိမ်းထားရပြီး၊ ဒေသခံများနှင့် ခရီးသွားပြည်သူများ ဖောင်ဖြင့် ဖြတ်သန်းသွားလာနိုင်ရန် စီစဉ်နေရကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ဇမိမြစ်ရေ မြင့်တက်လာကာ မေ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် တံတားများ ရေလွှမ်းမိုးသွားခဲ့ခြင်းဖြစ်သည်။

ယနေ့အထိ ဖောင်များစီစဉ်မှု မပြီးစီးသေးသဖြင့် ဆိုင်ကယ်များနှင့် လူများသာ ဖြတ်သန်းသွားလာနိုင်သေးပြီး မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှုကိုမူ ခေတ္တရပ်နားထားကြောင်း သိရသည်။

“မေ ၂၁ မှာတော့ သူတို့ ဖောင်တွေ စီစဉ်လို့ မပြီးသေးဘူးလို့ ပြောတယ်။ လူနဲ့ ဆိုင်ကယ်တွေလောက်ပဲ ကူးပေးနေသေးတာ။ ကျနော်တောင် ဒီနေ့ ဘုရားသုံးဆူဘက် မတက်ဖြစ်တော့ဘူး” ဟု မုဒုံ-ဘုရားသုံးဆူလမ်းပိုင်းတွင် ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

ယမန်နှစ်က ဇွန်လအတွင်းမှသာ ဖောင်အသုံးပြု သွားလာခဲ့ရသော်လည်း ယခုနှစ်တွင် မိုးဦးကာလကတည်းက မြစ်ရေမြင့်တက်လာသဖြင့် ပိုမိုစောစီးနေကြောင်းလည်း ဆိုသည်။

ဒေသခံများက တံတားတွင် အသုံးပြုထားသည့် သစ်များကို နောင်နှစ်တွင် ပြန်လည်အသုံးပြုနိုင်ရန်အတွက် ကြိုတင်ဖျက်သိမ်းကာ သိမ်းဆည်းထားရခြင်းဖြစ်သည်ဟု ဆိုသည်။

ရေလဲဒေသခံတစ်ဦးက “ရေကြီးလို့ တံတားပျက်စီးသွားတာတော့ မဟုတ်ပါဘူး။ ရေကကြီးလာပြီး တံတားနစ်သွားတော့ သွားလို့မရတော့ဘူး။ ဒါကြောင့် တံတားကို ပြန်ဖျက်ပြီး သစ်တွေ ပြန်ယူရတာ။ အဲဒီသစ်တွေကို နောက်နှစ်ပြန်သုံးဖို့ သိမ်းထားရတာပါ” ဟု ပြောသည်။

ဖောင်ပြေးဆွဲမှု၊ တံတားဆောက်လုပ်မှုနှင့် တံတားဖျက်သိမ်းရေးကိစ္စရပ်များကို ဒေသခံများနှင့် ရေလဲကျေးရွာ တာဝန်ရှိသူများကသာ ဦးဆောင်စီမံခန့်ခွဲကြခြင်းဖြစ်ပြီး၊ ဖြတ်သန်းသွားလာသူများထံမှ ဖြတ်သန်းခ ကောက်ခံကာ လုပ်ငန်းလည်ပတ်နေခြင်း ဖြစ်သည်။

ဓနုံးဒေသ၊ ရေလဲကျေးရွာရှိ ဇမိမြစ်သည် နှစ်စဉ် မိုးရာသီကာလဖြစ်သည့် မေလ (သို့မဟုတ်) ဇွန်လမှ အောက်တိုဘာလအထိ မြစ်ရေ မြင့်တက်လေ့ရှိပြီး၊ မြစ်ရေလျှံချိန်တွင် ရေလဲတံတားကို ဖျက်သိမ်းကာ ဖောင်ဖြင့်သာ ဖြတ်သန်းသွားလာရေး လုပ်ဆောင်နေရခြင်း ဖြစ်သည်။

မုဒုံ-ရေလဲ-ဘုရားသုံးဆူလမ်းပိုင်းတွင် တစ်ရက်လျှင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များ ရာနှင့်ချီ ဖြတ်သန်းသွားလာနေသည့်အတွက် မိုးတွင်းကာလအတွင်း လမ်းများပျက်စီးကာ နှစ်စဉ် သွားလာရေး အခက်အခဲများ ဖြစ်လေ့ရှိကြောင်း သိရသည်။

ပုံ-ယာဥ်မောင်းတစ်ဦး(facebook) 

May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...
May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...
May 19, 2026
မွန်ပြည်နယ်တွင် ကွမ်းသီးအနု ဈေးကောင်းရရှိနေခြင်းကြောင့် အသီးခူဆွတ်ရောင်းချမှုများ၍ ရေရှည်တွင်...
May 18, 2026
မွန်ပြည်နယ်အတွင်း၊ မြို့နယ်အလိုက် ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးမှူးများ...