ပြည်သူများ၏လိုအပ်ချက်များကို လွှတ်တော်ကိုယ်စားလှယ်များရုံးမှတစ်ဆင့် ဖြေရှင်းပေးမည်

ပြည်သူများ၏လိုအပ်ချက်များကို လွှတ်တော်ကိုယ်စားလှယ်များရုံးမှတစ်ဆင့် ဖြေရှင်းပေးမည်
ပုံ-MUP
ပုံ-MUP

မွန်ဒေသခံပြည်သူများ၏ အသံကို မွန်ပြည်နယ်၊ မြို့နယ်အသီးသီးရှိ မွန်ညီညွတ်ရေးပါတီ MUP လွှတ်တော်ကိုယ်စားလှယ်ရုံးများမှတစ်ဆင့် အနီးကပ်ဆုံးနားထောင်၍ လိုအပ်ချက်များကို အချိန်မီဖြေရှင်းပေးသွားမည်ဖြစ်သဖြင့် လာရောက်ဆက်သွယ်ရန် MUP လွှတ်တော်ကိုယ်စားလှယ်များမှ ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှ အသိပေးပြောဆိုထားသည်။

ပြည်သူလူထုနှင့် လွှတ်တော်ကြား လိုအပ်ချက်များကို ကြားခံတစ်ခုအဖြစ် ဆောင်ရွက်ပေးရန်နှင့် ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူလူထုကြား ထဲထဲဝင်ဝင် ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ ပြည်သူ့လိုလားချက်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များရုံးကို ဖွင့်လှစ်ထားသည်ဟု MUP နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

မွန်ညီညွတ်ရေးပါတီ MUP မှ မဲအပြတ်အသတ် အနိုင်ရရှိထားသည့် ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ ချောင်းဆုံ၊ ပေါင် စသည့် မြို့နယ် ၅ ခုတွင် ဖွင့်လှစ်ထားကြောင်း သိရသည်။

"ပုံမှန် ရုံးဖွင့်ချိန် နံနက် ၁၀ နာရီကနေ မွန်းလွဲ ၂ နာရီအထိကို ဖွင့်ထားပေးတယ်။ ဆွေးနွေးလိုသူတွေကို ရုံးမှာရှိတဲ့ ရုံးအုပ်က မှတ်တမ်းလုပ်ထားပေးပြီး အဲကနေ သက်ဆိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်အမတ်တွေနဲ့ ချိတ်ဆက်ပေးမယ်ပေါ့။ ပြည်သူရဲ့အကျိုးကိုပဲကြည့်ပြီး ဖြေရှင်းနိုင်သလောက် ဖြေရှင်းပေးသွားမှာပါ"ဟု မွန်ညီညွတ်ရေးပါတီ MUP နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် မိမိတို့၏ လိုအပ်ချက်များ၊ အခက်အခဲများကို တိုက်ရိုက်ဆွေးနွေးနိုင်ရန် လာရောက်ဆက်သွယ်နိုင်ကြောင်းနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို တိုးမြှင့်ဆောင်ရွက်ရန်လည်း MUP လွှတ်တော်ကိုယ်စားလှယ်များက ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှ  တိုက်တွန်းသည်။

လွှတ်တော်ကိုယ်စားလှယ်များရုံးမဖွင့်လှစ်နိုင်သည့် နေရာများတွင် မွန်ညီညွတ်ရေးပါတီ လူမှုကွန်ရက်စာမျက်နှာများတစ်ဆင့် လာရောက်ဆွေးနွေးနိုင်သည်ဟုလည်း အထက်နီးစပ်သူက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ ကြေညာချက်များသည် ပြည်သူလူထုများ၏ အခက်အခဲများကို အမှန်တကယ်ဦးတည်ပါက ၂၄ နာရီ ဝန်ဆောင်မှုပေးပြီး ဆက်သွယ်နိုင်မည့်ဖုန်းနံပါတ်များကို ထည့်သွင်းပေးရန် လိုအပ်ကြောင်းလည်း မွန်လူငယ်တစ်ဦးက ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်များ လက်ရှိ အရေးတကြီး ပါဝင်ကူညီဖြေရှင်းပေးရမည့်အရာသည် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အား ဖြန့်ဖြုးပေးနေသည့်ကိစ္စဖြစ်ပြီး အခြားဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများကိုလည်း ပညာရှင်များနှင့် ပူပေါင်းအဖြေရှာပေးသင့်ကြောင်း အထက်ပါမွန်လူငယ်တစ်ဦးက ပြောသည်။

"အရေးတကြီး ကူညီပါဝင်ဖြေရှင်းသင့်တာက လျှပ်စစ်အပိုင်းကို သက်ဆိုင်ဝန်ကြီးဌာနရဲ့ မြို့နယ်လျှပ်စစ်ရယ်၊ ဒေသခံ စီးပွားရေးလုပ်ငန်းရှင်ကြီးများနဲ့ ဒေသဖွံ့ဖြိုးရေးကို ဦးတည်ဆောင်ရွက်နိုင်ကြမဲ့ ပညာရှင်တွေ စုပေါင်းပြီး အဖြေတစ်ခုရှာဖွေ သင့်တယ်။"ဟု ဆိုသည်။

လက်ရှိတွင် စစ်ကော်မရှင်၏ တရားမဝင်လွှတ်တော်အစည်းအဝေးများ ရပ်နားထားပြီး ဇူလိုင်လမှ ပြန်လည်ခေါ်ယူရန်ရှိကြောင်း သိရသည်။

လွှတ်တော်အစည်းအဝေးရပ်နားထားစဉ်တွင် မွန်ညီညွတ်ရေးပါတီ ပြည်သူ့လွှတ်တော် လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အချို့ မိမိတို့၏ မဲဆန္ဒနယ်ရှိ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ မြေပြင်ကွင်းဆင် ဆောင်ရွက်မှုများလုပ်ဆောင်နေကြောင်း သိရသည်။

အခြားနိုင်ငံရေးပါတီများမှလည်း ၎င်းတို့ မဲအပြတ်အသတ်အနိုင်ရရှိထားသည့် ဒေသများတွင် လွှတ်တော်ကိုယ်စားလှယ်များရုံးကို ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ဓါတ်ပုံ - Facebook
July 3, 2026
ထိုင်း-မြန်မာနယ်စပ်ဒေသ အပါအဝင် ပြည်တွင်း၌ အသုံးပြုနေသည့် Starlink (စတားလင့်) အင်တာနက်စက်...
July 2, 2026
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် စစ်မှုထမ်းရန် အိမ်တိုင်ရာရောက် ဆင့်ခေါ်စာများပေးပို့ခြင်းနှင့်...
July 1, 2026
မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့တွင် ဘန်ကောက်မြို့...
ပုံ-Mon National High school Weng Sa Paw
June 30, 2026
မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသားပညာရေးဌာနအောက်ရှိ မွန်အမျိုးသားအထက်တန်းကျောင်းများမှ ၂၀၂၆ ခုနှစ်...