ဝိုင်းမော်က စစ်ရှောင်စခန်းတစ်ခုမှာ တစ်နှစ်ကျော်အတွင်း သေဆုံးသူ ၄၀ နီးပါးရှိ

ဝိုင်းမော်က စစ်ရှောင်စခန်းတစ်ခုမှာ တစ်နှစ်ကျော်အတွင်း သေဆုံးသူ ၄၀ နီးပါးရှိ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး တစ်နှစ်ကျော်အတွင်း သေဆုံးသူ ၃၈ ဦးအထိရှိလာတယ်လို့ စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။

အဲဒီစစ်ရှောင်စခန်းဟာ ဝိုင်းမော်မြို့နယ် နောင်ဟီးကျေးရွာကနေ နောင်းချိန်းကျေးရွာအုပ်စု အင်ဂန်းကျေးရွာတိမ်းရှောင်နေကြတဲ့ နောင်ဟီးစစ်ဘေးရှောင်တွေဖြစ်တယ်လို့ သိရပြီး အသက်အရွယ်က အသက် ၃၀ ကနေ ၅၀ ဝန်းကျင်အရွယ်အများဆုံးဖြစ်တယ်လို့ နောင်ဟီးစစ်ရှောင်တာဝန်ခံ အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။

“ဖျားနာကြတဲ့သူတွေက ဖျားနာတာကြာပြီဖြစ်ပေမယ့်လည်း ဆေးရုံက အမြန်မသွားနိုင် ပြန်သွားတဲ့အချိန်ကြတော့ ရောဂါဝေဒနာတွေက ပိုဆိုးသွားတဲ့ဟာမျိုးတွေ ဖြစ်နေတာပေါ့။ ဆေးရုံသွားဖို့အတွက်  သူတို့ကြောက်နေတာပေါ့။ ဆေးရုံတက်လိုက်ရတာနဲ့ ပိုက်ဆံတွေတစ်ခါတည်း‌အရမ်းပေးလိုက်ရမှာဆိုတော့ အဲလိုဖြစ်နေတာပေါ့”လို့ ဆိုပါတယ်။

စစ်ရှောင်တွေဟာ ဆေးရုံဆေးခန်းသွားဖို့ ငွေရေးကြေးရေးလိုအပ်ချက်ရှိနေတဲ့အပြင် လမ်းခရီးကလည်း စစ်ရှောင်စခန်းကနေ ၁၇ မိုင်ဝေးပြီး ဆိုင်ကယ်နဲ့ တစ်နာရီခွဲကြာ သွားရတဲ့နေရာဖြစ်တာကြောင့် ခက်ခဲများစွာရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ခုလိုစစ်ရှောင်ပြည်သူတွေ သေဆုံးမှုများလာတာနဲ့ပတ်သက်ပြီး မည်သည့်ရောဂါကြောင့် သေဆုံးတယ်ဆိုတဲ့အဖြေကို တိတိကျကျပြောဖို့ခက်နေတယ်လို့လည်း သိရပါတယ်။

“ဘာကြောင့်သေလဲပြောဖို့ခက်တယ်။ ဖျားပြီးသေတာ။ အဲလောက်ပဲသိရတယ်။ တစ်ချို့ပြောတာတော့ နေရာမကောာင်းလို့လည်းဆိုပြီး အမျိုးမျိုးပြောနေကြတယ်။ တစ်ခြားစစ်ရှောင်စခန်းမှာက အဲလောက်သေဆုံးသူမရှိဘူး။ နောင်ဟီးစခန်းမှာပဲပိုများနေတယ်။ အဲကြောင့် တစ်ချို့ဆို ရွာပြန်တဲ့သူတွေတောင်ရှိလာပြီ”လို့ နောက်ထပ်နောင်ဟီးစစ်ရှောင်စခန်းမှာနေထိုင်တဲ့အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ မတ်လမှာစတင်လာတဲ့ KIA ပူးပေါင်းတပ်ရဲ့မြို့သိမ်းတိုက်ပွဲဖော်ဆောင်လာချိန်ကစလို့ နောင်ဟီး၊ စန်းကား၊ အောင်မြေ(၁)၊ အောင်မြေ(၂)၊ ဝါရှောင်၊ ဝူယန်၊ ခကွမ်  စတဲ့ နေရာဒေသကပြည်သူတွေဟာ လက်ရှိ နောင်းချိန်းအုပ်စုရှိကျေးရွာဘက်တွေမှာ ဝါး မိုးကာတွေနဲ့ ဆောက်လုပ်ထားတဲ့ တဲတွေမှာအဆောင်တွေဖွဲ့ပြီး တိမ်းရှောင်နေကြတာဖြစ်ပါတယ်။

ခုလို စစ်ဘေးရှောင်စခန်းမှာ လူအများအပြားနဲ့စုပေါင်းနေထိုင်ရတာဖြစ်တဲ့အတွက် အိမ်သာ၊ ရေချိုးခန်း၊ သောက်ရေ၊သုံးရေတွေကို မျှဝေသုံးစွဲနေသလို တုပ်ကွေး၊ ငှက်ဖျား၊ ဝမ်းလျှောဝမ်းပျက်နဲ့ ယားနာလိုကူးစက်တတ်တဲ့ ရောဂါတွေလည်း မကြာခနဖြစ်ပြီး ကူးစက်မှုမြန်တယ်လို့လည်း စစ်ရှောင်တွေက ပြောပါတယ်။

ဒါကြောင့် ကျန်းမာရေးလိုအပ်ချက်အရ စစ်ရှောင်စခန်းတွေမှာ ဆေးပေးခန်းတွေထားရှိပေမယ့်လည်း  ဆေးပညာတတ်ကျွမ်းတဲ့ ဆရာဝန်တွေမရှိတဲ့အတွက် သာမန်ဖျားတဲ့အချိန်သောက်တဲ့ ဆေးသာရရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တွေတုန်းကတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေကနေပြီးတော့ စစ်ရှောင်ပြည်သူတွေကို စားနပ်ရိက္ခာတချို့နဲ့ ဆေးဝါးအကူအညီတွေ ရရှိခဲ့ပြီး စစ်ရှောင်တွေအတွက် အဆင်ပြေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကနေပြီးတော့ ၄၇ကြိမ်မြောက် သမ္မတဖြစ်လာတဲ့နောက်ပိုင်း နိုင်ငံခြားအကူအညီတွေကို ဖြတ်တောက်လောက်တဲ့အတွက် World Food Program ကနေပြီးတော့ စစ်ရှောင်တွေကို ဆန်တွေ ကူညီပေးတာတွေလည်း ရပ်တန့်သွားခဲ့သလို နိုင်ငံတကာ ဆေးဝါးအကူအညီတွေလည်း ဖြတ်တောက်ခံလိုက်ရတာ ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ၂၀၂၃–၂၀၂၄ခုနှစ်အတွင်း နိုင်ငံတကာက funding တွေရဲ့ ၃၀ရာခိုင်နှုန်းဝန်းကျင်ကို အမေရိကန်က ထောက်ပံ့ပေးထားတာ ဖြစ်တယ်လို့ ၂ (Organization for Economic Co-operation and Development) အဖွဲ့အစည်းရဲ့ “Development Co-operation Profiles: United States” ရဲ့ ၂၀၂၅ ဖေဖော်ဝါရီ ၁ ရက်နေ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နောက်ဆက်တွဲအနေနဲ့  ၂၀၂၅ မတ်လ ၁၄ ရက်နေ့မှာ  WFP ကနေပြီးတော့ ရန်ပုံငွေ မလုံလောက်မှုကြောင့် ဆိုပြီး မြန်မာနိုင်ငံက လူဦးရေ ၁ သန်းအတွက်  စားနပ်ရိက္ခာ အထောက်အပံ့တွေ ရပ်ဆိုင်းရတော့မယ်ဆိုပြီး ထုတ်ပြန်လာခဲ့တာဘဲ ဖြစ်ပါတယ်။

ဒါကြောင့် စစ်ရှောင်တွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေအပြင် အစားအသောက်အကူအညီတွေပါ လိုအပ်နေဆဲ ဖြစ်ပါတယ်။

ကုလသမ္မဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ရဲ့ ဩဂုတ် ၁၄ ရက်နေ့ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်မှာ ၂၀၁၁ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေတို့ရဲ့ တစ်ကျော့ပြန်စစ်ပွဲပြန်လည် စတင်ချိန်ကတည်းကနေ ၂၀၂၁ ဖေဖော်ရီလထိ စစ်ရှောင်ဦးရေဟာ တစ်သိန်းတစ်သောင်းငါးရာ(၁၁၀၅၀၀)ထိရှိခဲ့တာ ဖြစ်ပြီး အာဏာသိမ်းပြီးနောက် ၂၀၂၄ ဩဂုတ်လ ၁၂ ရက်မှာတော့ တစ်သိန်းကိုးသောင်းလေးထောင်ကိုးရာ( ၁၉၄၉၀၀)ထိ မြင့်တက်လာတယ်လို့ ဖော်ပြထားတာဘဲ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိရှိခဲ့တဲ့ စစ်ရှောင်အရေအတွက်နဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ဩဂုတ်လအထိ မြင့်တက်ခဲ့တဲ့ စစ်ရှောင်အရေအတွက် နှစ်ခုကိုနှိုင်းယှဉ်ကြည့်လိုက်ပါက အာဏာသိမ်းပြီးနောက် ၃ နှစ်အတွင်း စစ်ရှောင်ဦးရေ ၈ သောင်း ၄ ထောင် ၄ ရာ(၈၄၄၀၀)ထိ တိုးလာတာကို မြင်တွေ့ရမှာဘဲ ဖြစ်ပါတယ်။

By – Hope

Most read this week

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...