စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အိန္ဒိယ–မြန်မာနယ်စပ်တကြော နယ်မြေ မတည်ငြိမ်မှုကြောင့် ပန်ဆောင်နယ်စပ်ဂိတ် ပိတ်ထားကြောင်း ဒေသခံများထံမှ သိရပါတယ်။
အောက်တိုဘာလအတွင်း အိန္တိယစစ်တပ်က မြန်မာနိုင်ငံအတွင်းရှိ နာဂလက် နက်ကိုင်အဖွဲ့ NSCN-K(ယုန်းအောင်)အဖွဲ့ရဲ့ တည်နေရာတွေကို နှစ်ကြိမ်တိတိဒရုန်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် နယ်စပ် တလျှောက် အခြေအနေတင်းမာနေပြီး ဂိတ်ပိတ်ထားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။
“ဒီဘက်(မြန်မာဘက်ခြမ်း)ကပိတ်တာ။ အခုတလော အိန္ဒိယဘက်က နယ်စပ်တလျှောက်မှာ ဒရုန်းတွေ ခပ်စိပ်စိပ်ချနေတာ အဲ့ကြောင့် ဒီဘက်က ပိတ်ထားတယ်။ တစ်ပတ်လောက် ပိတ်ထားမယ်လို့ သိရတယ်”လို့ ပြောပါတယ်။
ဒေသခံတွေပြောချက်အရ ယင်းနယ်စပ်ဂိတ်ကို NSCN-K ဘက်ကနေ အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး တစ်ပတ်တိတိ ပိတ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိပိတ်ထားတဲ့ ပန်ဆောင်နယ်စပ်ဂိတ်ဟာ နာဂဒေသထဲက နန်းယွန်း၊ ပန်ဆောင်၊ ဒုံဟီး စတဲ့ ဒေသခံတွေအတွက် အခြေခံစားသောက်ကုန်၊ စက်သုံးဆီ၊ လူသုံးကုန်နဲ့ အခြားလိုအပ်တဲ့ ကုန်စည်တွေကို အိန္ဒိယဘက်ခြမ်းမှာသွားဝယ်ယူဖို့အတွက်အသုံးပြုနေတဲ့အဓိကဂိတ်ဖြစ်ပါတယ်။
“ကြာကြာတော့ မပိတ်လောက်ဘူး။ ဘာလို့လဲဆိုတော့ ရေရှည် ပိတ်လိုက်ရင် နာဂဒေသတစ်ခုလုံးရဲ့ အခြေခံ ကုန်စည်တွေ၊ ကျန်းမာရေးတွေကအစ ခက်ခဲသွားမှာ မြန်မာဘက် အလှမ်းဝေးတယ်။ လမ်းပန်းဆက်သွယ်ရေးလဲ မကောင်းတော့ ဒီနယ်စပ်ဂိတ်ကိုပဲ အဓိက အားကိုးနေကြတာလေး”လို့ နန်းယွန်းမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ပန်ဆောင်၊ နန်းယွန်းမြို့နယ်တွေဟာ ကမ္ဘာကျော် လီဒိုကားလမ်းမကြီးပေါ်မှာ တည်ရှိတာဖြစ်ပေမယ့် မြန်မာဘက်ခြမ်းကနေ ကုန်စည်တွေ သယ်ယူဖို့အတွက် အလှမ်းဝေးတာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေကြောင့် ပန်ဆောင်နယ်စပ်ဂိတ်ကိုသာ ရာနှုန်းပြည့် အားထားနေကြတာဖြစ်ပါတယ်။
ဒါပေမယ့် အိန္ဒိယစစ်တပ်ဟာ မြန်မာနိုင်ငံအတွင်းရှိ စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကမ်မော်လောရီကျေးရွာထဲက NSCN-K(ယုန်းအောင်)အဖွဲ့ဝင် ဗိုလ်ချုပ်ပီးအောင်နေအိမ်ကို အောက်တိုဘာ ၂၀ ရက်နေ့က တစ်ကြိမ်နဲ့ အောက်တိုဘာ ၂၅ ရက်နေ့က ပန်ဆောင်မြို့နယ်ရှိ ဆွမ်ပါကျေးရွာကို နှစ်ကြိမ်တိတိ ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၂၀ ရက်နေ့ ဗိုလ်ချုပ်ပီးအောင်နေအိမ်တိုက်ခိုက်မှု မှာတော့ ဗိုလ်ချုပ်ပီးအောင်ရဲ့ သားကြီးဖြစ်သူနဲ့ အခြားအရပ်သား အသက် ၇ နှစ်အရွယ်ကလေးတစ်ဦးတို့ သေဆုံးခဲ့ပါတယ်။
အလားတူ အောက်တိုဘာ ၂၅ ရက်နေ့ ဆွမ်ပါရွာတိုက်ခိုက်မှုမှာတော့ လယ်တောထဲမှာဗုံးသီးကျရောက် ပေါက်ကွဲမှု ရှိခဲ့တယ်လို့ သိရပါတယ်။
အခုလို အိန္ဒိယအစိုးရက အကြိမ်ကြိမ် ဒရုန်းတိုက်ခိုက်မှုတွေကြောင့် နယ်စပ်ဂိတ်ကို ယာယီပိတ်ထားရခြင်း ဖြစ်ကြောင်း သိရပါတယ်။
အိန္ဒိယ–မြန်မာနယ်စပ် ပန်ဆောင်ဂိတ်ကို အိန္ဒိယအစိုးရဘက်ကနေ ကိုဗစ်ကပ်ရောဂါဖြစ်ချိန် ၂ နှစ်ကျော်ကြာ ပိတ်ထားခဲ့ဖူးပြီး ၂၀၂၄ ခုနှစ်မှသာ အကန့်အသတ်တွေနဲ့ ပြန်လည် ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။
ယင်းနောက်ပိုင်း ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကနေ နှစ်နိုင်ငံနယ်စပ်စျေးကော်မတီတွေ ညှိနှိုင်းချက်အရ ယခင် ကန့်သတ်ချက်တွေကို ဖြေလျှော့ပြီး ယခင်တစ်ပတ်တစ်ကြိမ်ကနေ နောက်ပိုင်း တစ်ပတ်ကို ၆ ကြိမ်အထိ ခွင့်ပြုပေးလာတာ ဖြစ်ပါတယ်။
လက်ရှိ တစ်ပတ်ကို ခြောက်ကြိမ်အထိ ခွင့်ပြုပေးထားပေမယ့် စားနပ်ရိက္ခာတွေကို လိုသလောက်သယ်လို့မရတာ၊ ဆေးဝါးနဲ့ စက်သုံးဆီ စတာတွေ အကန့်အသတ်နဲ့ ဝယ်ယူရတာတွေ ဆက်ရှိနေဆဲ ဖြစ်ကြောင်းသိရပါတယ်။
photo credit - CJ







