ကော့ကရိတ်တိုက်ပွဲကြောင့် ဒေသခံထောင်ချီ စစ်ရှောင်နေရ

ကော့ကရိတ်တိုက်ပွဲကြောင့် ဒေသခံထောင်ချီ စစ်ရှောင်နေရ
Photo Credit - CJ
Photo Credit - CJ

စစ်ရေးတိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံဒိုး-နဘူးလမ်းပိုင်းမှာ စစ်ကော်မရှင်တပ်က ကျေးရွာတွေထဲကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေကြောင့် ဒေသခံ ထောင်ချီ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ KNU တပ်မဟာ ၆ နယ်မြေထဲက ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို ပြန်လည်တိုက်ခိုက် သိမ်းယူပြီးတဲ့နောက် တပ်မဟာ ၇ နယ်မြေ ကျုံဒိုး-နဘူးလမ်းပိုင်းကို ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ရာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်ကော်မရှင်တပ်တို့အကြား ကျုံဒိုး-နဘူးကားလမ်းပိုင်း ချောင်းဖျားကျေးရွာအထက်ပိုင်းတဝိုက်မှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားတာ ၂ ပတ်နီးပါး ရှိလာပြီဖြစ်ပြီး တိုက်ပွဲအတွင်း စစ်တပ်က လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

စစ်ကော်မရှင်တပ်ဟာ ကျုံဒိုးမြို့ထဲကနေ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ကျုံဒိုး-နဘူးလမ်းပိုင်းက ကျေးရွာတွေထဲကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးအချို့ ကျေးရွာတွေထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သလို ဒေသခံတွေ အများစုကလည်း ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“စစ်ဘေးရှောင်လာတာ နှစ်ပတ်လောက်ရှိပြီ။ရွာသားတွေကတော့ ထွက်တဲ့လူလည်းထွက် ရှိတဲ့လူတွေက နည်းနည်းပဲကျန်တော့တယ်။အများစုက သက်ကြီးပိုင်းတွေ အိမ်စောင့်အဖြစ်ကျန်တော့တယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေထဲက ထိုးစစ်ဆင်လာခဲ့တဲ့ စစ်ကော်မရှင်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တို့အကြား ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုများခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

စစ်ကော်မရှင်တပ်ဟာ ကျုံဒိုး-နဘူးလမ်းပိုင်းကနေတဆင့် နဘူးဂွင်၊ မြပတိုင်၊ ရင်ကွဲတောင်၊ ကော့ကရိတ်မြို့တွေဘက်ကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့တာဖြစ်ပြီး အာရှလမ်းမကြီးကိုလည်း ပြန်သိမ်းပိုက်နိုင်ဖို့အတွက်လည်း အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးအပြင် ဒေါနတောင်ပေါ်လမ်းဟောင်းကိုလည်း စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး တပ်အင်အားအများအပြားနဲ့ လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းပစ်ကူတွေကို အသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။

January 15, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ဖွင့်လှစ်မယ့် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၁ သင်တန်းအတွက်...
ဓာတ်ပုံ-MOI
January 14, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် ဦးဆောင်ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲ အပိုင်း ၁ နဲ့ အပိုင်း၂...
January 13, 2026
အာဏာသိမ်း စစ်တပ်ရဲ့ နိုင်ငံရေးတရားဝင်မှုရဖို့ ကြိုးပမ်းတဲ့ အပိုင်းလိုက် ရွေး ကောက်ပွဲမှာ မွန်...
ဓာတ်ပုံ-MOI
January 12, 2026
မွန်ပြည်နယ်မှာ လာမယ့်ရက်ပိုင်းအတွင်း စစ်ကော်မရှင် ဖွင့်လှစ်ဖို့ရှိနေတဲ့ စစ်မှုထမ်း အပတ်စဉ် ၂၁...